အင်ဒိုနီးရှားနိုင်ငံရှိ အစိုးရဝန်ကြီးဌာနတချို့တွင် COVID-19 အစုလိုက်အပြုံလိုက်ကူးစက်မှုများရှိနေသဖြင့် အစိုးရဌာနများသည် ကျန်းမာရေးစည်းမျဉ်းလိုက်နာမှုတွင် စံနမူနာပြုနေထိုင်ရေး ကြိုးပမ်းရမည်ဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ ပူယံ မဟာရာနီက တိုက်တွန်းပြောဆိုခဲ့သည်။
မြို့တော်ရှိ ဝန်ကြီးဌာနရုံးခန်းနှင့် ဌာန ၃၀ တို့တွင် COVID-19 ကူးစက်မှုများရှိနေကြောင်း မဟာရာနီက မြို့တော်အုပ်ချုပ်ရေးအဖွဲ့၏စာရင်းအင်းများကို ကိုးကား၍ဖော်ပြခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန၌ COVID-19 ကူးစက်သူ ၁၃၉ ဦး၊ ပို့ဆောင်ရေးဝန်ကြီးဌာန၌ COVID-19 ကူးစက်သူ ၉၀ နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ COVID-19 ကူးစက်သူ ၄၂ ဦး အသီးသီးရှိနေကြောင်း အစိုးရ၏ COVID-19 သတင်းအချက်ဆိုင်ရာဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ ကူးစက်မှုများနှင့်ပတ်သက်၍ စက်တင်ဘာ ၇ ရက်အထိသာ နောက်ဆုံးသတင်းရရှိသေးသည်။
အစိုးရရုံးများသည် COVID-19 ဆိုင်ရာစည်းမျဉ်းများကို လိုက်နာမှုတွင် စံနမူနာပြနိုင်ရမည်ဖြစ်ကြောင်း မဟာရာနီကပြောဆိုခဲ့သည်။ အင်ဒိုနီးရှား၌ COVID-19 စတင်ဖြစ်ပွားချိန်မှစ၍ ဂျကာတာရှိ အစိုးရရုံးများနှင့် မြိ့တော်ဝန်းကျင်ရှိ မြို့နယ်များ၌ တည်ရှိသော စက်မှုဇုန်များတွင် ကူးစက်သူအစုလိုက်အပြုံလိုက်ရှိခဲ့သည်။
ဂျကာတာအရှေ့ဘက် ဘဲကာဆီဒေသရှိ နိုင်ငံစုံကော်ပိုရေးရှင်းကြီးများနှင့်ဆက်စပ်သော လုပ်ငန်းများ၌ COVID-19 အစုလိုက်အပြုံလိုက်ကူးစက်မှုငါးခုရှိခဲ့သည်။ မြို့တော် အုပ်ချုပ်ရေးအဖွဲ့တွင်းလည်း COVID-19 ကူးစက်မှုများရှိခဲ့ပြီး ဂျကာတာအုပ်ချုပ်ရေးအဖွဲ့ အတွင်းဝန် ဆာယဲဖူလာသည် COVID-19 ကူးစက်ခံရပြီးနောက် စက်တင်ဘာ ၁၆ ရက်တွင် သေဆုံးခဲ့သည်။
ဂျကာသည် အင်ဒိုနီးရှား၌ COVID-19 ကူးစက်မှုဗဟိုချက်ဖြစ်နေပြီး ကူးစက်သူ ၅၈၀၀၀ ကျော်နှင့် သေဆုံးသူ ၁၄၀၀ ရှိနေသည်။ အင်ဒိုနီးရှား၌ COVID-19 ကူးစက်သူ ၂၃၀၀၀၀ ကျော်နှင့် သေဆုံးသူ ၉၀၀၀ ကျော်ရှိနေသည်။
ကူးစက်မှုထိန်းချုပ်ရေးအတွက် ဂျကာတာ၌ စက်တင်ဘာ ၁၄ ရက်တွင် တစ်စိတ်တစ်ပိုင်း ကူးသန်းသွားလာမှုပိတ်ပင်ချက် ပြန်လည်ချမှတ်ခဲ့ရသည်။

















