အိန္ဒိယ၌ စက်တင်ဘာ ၁၈ ရက်တွင် တစ်ရက်အတွင်း COVID-19 ကူးစက်သူသစ် ၉၆၄၂၄ ဦး ရှိခဲ့ခြင်းကြောင့် စုစုပေါင်း ကူးစက်ခံရသူ ၅ ဒသမ ၂ သန်း ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းအင်းများအရ သိရသည်။
အိန္ဒိယသည် သြဂုတ်လ အစပိုင်းကတည်းကပင် ကမ္ဘာပေါ်၌ တစ်ရက်အတွင်း ကူးစက်သူဦးရေအမြင့်ဆုံးရှိနေသည့် နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ကူးစက်သူဦးရေ အများဆုံးရှိနေသော အမေရိကန်ပြည်ထောင်စုကိုပင် ကျော်လွန်ဖွယ်ရှိသည့် ပုံစံမျိုး ရှိ နေသည်။
COVID-19 ကြောင့် သေဆုံးသူနှုန်းမှာ တဖြည်းဖြည်း လျော့ကျလာနေပြီး ကူးစက်သူစုစုပေါင်း၏ ၁ ဒသမ ၆၂ ရာခိုင်နှုန်းသာလျှင် ရှိနေသည်။ စက်တင်ဘာ ၁၈ ရက်တွင် သေဆုံးသူ ၁၁၇၄ ဦး ရှိခဲ့ခြင်းကြောင့် စုစုပေါင်းသေဆုံးသူ ၈၄၃၇၂ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းအင်းများအရ သိရသည်။
အိန္ဒိယသည် လာမည့်သီတင်းပတ်များအတွင်းတွင် ကူးစက်သူဦးရေ၌ အမေရိကန်ပြည်ထောင်စုကို ကျော်တက်သွားဖွယ်ရှိနေကြောင်း ခန့်မှန်းနေကြသည်။ အမေရိကန်သည် ကမ္ဘာပေါ်တွင် COVID-19 ကူးစက်သူအများဆုံးနိုင်ငံဖြစ်ပြီး ၆ ဒသမ ၆၇ သန်း ရှိနေသည်။
လာမည့် အောက်တိုဘာလတွင် ကျင်းပတော့မည့် ဟိန္ဒူပွဲတော်ရာသီကြီးနှင့်ဆက်စပ်၍ လူစုလူဝေးပြုနိုင်ခြေရှိနေသဖြင့် ပြည်သူများသည် မကြာခဏ လက်ဆေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ ခပ်ခွာခွာ နေ ထိုင်ခြင်းစသော အပြုအမူများ ပြုလုပ်ပေးကြရန် ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက မေတ္တာရပ်ခံထားသည်။

















