တရုတ်ပြည်မကြီး၌ စက်တင်ဘာ ၁၇ ရက်တွင် COVID-19 ကူးစက်သူသစ် ၃၂ ဦးရှိခဲ့ပြီး တစ်လကျော်အတွင်း တစ်ရက်လျှင် ကူးစက်သူအများဆုံးရှိခဲ့ခြင်းဖြစ်ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက စက်တင်ဘာ ၁၈ ရက်တွင် ပြောဆိုခဲ့သည်။
ယခုနှစ်အစောပိုင်းတွင် တရုတ်နိုင်ငံ၌ ကူးစက်ပျံ့နှံ့မှု မြင့်မားခဲ့သော်လည်း မကြာသေးမီလများအတွင်း ကူးစက်သူသစ်ဦးရေ ကျဆင်းလာခဲ့သည်။ စက်တင်ဘာ ၁၇ ရက်နေ့တွင် ရှိခဲ့သည့် ကူးစက်သူဦးရေသည် သြဂုတ် ၁၀ ရက်နောက်ပိုင်း တစ်ရက်အတွင်းအမြင့်ဆုံး ကူးစက်မှု ဖြစ်သည်။ ပြည်ပမှပြန်လာသည့် နိုင်ငံသားများထံမှ COVID-19 ကူးစက်မှုရှိလာနိုင်ကြောင်း သတိပေးလိုက်ခြင်းဖြစ်သည်။
ကူးစက်သူသစ်အားလုံးသည် ပြည်ပမှ ပြန်လာကြသူများဖြစ်ပြီး ၁၃ ဦးမှာ နိုင်ငံအနောက်မြောက်ပိုင်း ရှန်းရှီ ပြည်နယ်မှ ဖြစ်ကာ ၁၂ ဦးမှာ ရှန်ဟိုင်းမှဖြစ်ကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ တရုတ်ပြည်မကြီးအတွင်း၌ သြဂုတ်လ အလယ်ပိုင်းမှ စတင်ကာ ပြည်တွင်းကူးစက်မှု လုံးဝမရှိတော့ကြောင်း သိရသည်။
စက်တင်ဘာ ၁၆ ရက်တွင် မနီလာမှ တရုတ်ပြည် သို့ ပြန်လာသူ ၁၂ ဦးထဲမှ ၉ ဦးမှာ လူနာသစ်များဖြစ်ပြီး အားလုံးမှာ တရုတ်နိုင် ငံသားများဖြစ်ကြောင်း ရှန်ဟိုင်းအုပ်ချုပ်ရေးအဖွဲ့က ပြောဆိုခဲ့သည်။
အဆိုပါ လူနာ ၉ ဦးအား မည်သည့်လေကြောင်းလိုင်းဖြင့် ခေါ်ဆောင်လာခဲ့သည် ကို အာဏာပိုင်များက ထုတ်ပြန်ခြင်းမရှိသော်လည်း ရှန်ဟိုင်းနှင့် မနီလာကို တိုက်ရိုက် ပြေးဆွဲနေသည့် China Eastern လေကြောင်းလိုင်းသည် ခရီးစဉ်နှစ်ခုကို ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ထားသည်။

















