တောင်ကြီးမြို့ အေးသာယာမြို့နယ် တွင်ဖခင်နှင့်ရည်းစားတို့က ကိုယ်ဝန်ရရှိသည်ထိ အကြိမ်ကြိမ် သား မယားပြုကျင့်ခဲ့သည်ဆိုမှုကို အမှုဖွင့်အရေးယူထားကြောင်း စက်တင်ဘာ ၁၈ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ ၁၇ ရက်ည၈နာရီခန့်တွင် ၊တောင်ကြီးမြို့ အေးသာယာမြို့ နယ်အမျိုးသမီးရေးရာဥက္ကဌ နေအိမ်တွင်ရှိနေစဉ် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး အိမ်ထောင်မရှိဘဲ ကိုယ်ဝန်ရှိနေကြောင်း အုပ်ချုပ်ရေးမှူးကအကြောင်းကြားသဖြင့် အဆိုပါအမျိုး သမီးငယ်ကို သွားရောက်မေးမြန်းခဲ့သည်။
မိန်းကလေးငယ်က မိခင်နှင့်ဖခင်အိမ် ထောင်ကွဲခဲ့ပြီးနောက် ဖခင်ဖြစ်သူနှင့်လိုက်ပါနေထိုင်ခဲ့ရာက ယခုနှစ် ဇန်နဝါရီလတွင် ဖခင်က ပထမဆုံးအကြိမ်သားမယားအဖြစ်ပြုကျင့်ခဲ့ပြီး“ဘယ်သူမှမပြောနဲ့၊ ဘာမှမဖြစ်ဘူး”ဟုပြောဆိုခဲ့သည်။ဖေဖော်ဝါရီလတွင် ၂ ကြိမ် ထပ်မံအဓမ္မပြုကျင့်ခဲ့ကြောင်း စစ်ဆေးချက်အရ သိရသည်။
ဇူလိုင်လတွင် ညောင်ရွှေမြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အလုပ်ဝင်ရောက်လုပ်ကိုင်စဉ် ဟိုတယ်တစ်ခုမှညစောင့်ဖြစ်သူနှင့် သမီးရည်းစားဖြစ်ခဲ့ကြောင်း ၎င်းက ဇူလိုင်လ ၁၀ ရက်တွင်ချိန်းတွေ့ရာက သားမယားအဖြစ်ပြုကျင့်ခဲ့ပြီး ဇူလိုင်လ ၂၀ ရက်တွင်လည်း ဟိုတယ်တစ်ခုတွင်ထပ်မံချိန်းတွေ့ကာ အဓမ္မ ၂ ကြိမ်ပြုကျင့်ခဲ့ကြောင်းသိရသည်။
သမီးရည်းစား ချိန်းတွေ့သည့်ကိစ္စနှင့်ပတ်သက်၍ အလုပ်ထုတ်ခံခဲ့ရပြီး ဖခင်နေအိမ်သို့ပြန်လည်ရောက်ရှိခဲ့ပြီးနောက်ဝမ်းဗိုက်မှာ တစ်နေ့တစ်ခြားစူထွက်လာသည့်အတွက် ရပ်ရွာနေသူများက ဆေးရုံသို့ ပို့ဆောင်ပြသစဉ် ကိုယ်ဝန် ၆ လခန့် ရှိနေပြီဖြစ်ကြောင်း သိရှိခဲ့ရသည်။
အဆိုပါကိစ္စကို ရပ်ကွက်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌက စက်တင်ဘာ ၁၇ ရက်၊ညနေပိုင်းတွင် စစ်ဆေးမေးမြန်းခဲ့ပြီး အရွယ်မရောက်သေးသည့်သမီးကို သားမယားအဖြစ်အကြိမ်ကြိမ် ပြုကျင့်ကာ ကိုယ်ဝန်ရှိစေသူ ဖခင်အရင်းနှင့် ရည်းစားဖြစ်သူတို့ ကိုအရေးယူပေးပါရန် တရားလိုလုပ် တိုင်ကြားခဲ့သည်။ ဖခင်ဖြစ်သူနှင့် ရည်းစားဖြစ်သူတို့မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။
အေးသာယာနယ်မြေရဲစခန်းက(ပ)၁၁၅/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ပြီး ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။
















