သတင်းမီဒီယာများအတွက် COVID-19 ဖြစ်ပွားနေမှုကာလသည် သမိုင်းတွင် အဆိုးဆုံးအခြေအနေဖြစ် ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်တစ်ဦးဖြစ်သည့် ဦးကျော် မင်းဆွေက စက်တင်ဘာ ၁၈ ရက်၌ ပြောသည်။
''သတင်းမီဒီယာတွေအတွက် ဒီ ကာလတွေက သမိုင်းမှာ အဆိုးဆုံး အခြေအနေလို့ပြောရမယ်။ ဒါကြောင့် လိုအပ်လို့ စွန့်စားပြီး မဖြစ်မနေအလုပ် လုပ်နေကြတဲ့ သတင်းသမားတွေအနေ နဲ့ ကိုယ့်ကိုယ်ကိုယ် ကျန်းမာကြံ့ခိုင် နေအောင်၊ ပိုးမကူးစက်နိုင်အောင် သက်ဆိုင်ရာလမ်းညွှန်ချက်တွေအတိုင်း အတိအကျလိုက်နာကြဖို့ အကြံပြုချင် တယ်''ဟု ဦးကျော်မင်းဆွေကပြော သည်။
မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားမှုကြောင့် သေဆုံးသူဦးရေသည် စက်တင်ဘာ ၁၈ ရက် နံနက် ၈ နာရီ အထိ ၆၁ ဦးရှိခဲ့ပြီဖြစ်သည်။ ထို့အပြင် COVID-19 ရာဂါပိုးတွေ့ရှိသည့် သတင်းမီဒီယာသမားလေးဦးနှင့် စောင့် ကြည့်ခံရသူ ၇ဝ ကျော်နေပြီဖြစ်သည်။ COVID-19 Positive ဖြင့် ဆေး ကုသမှုခံယူနေသည့် သတင်းမီဒီယာ လေးဦးသည် ရန်ကုန်မြို့မှ သုံးဦးနှင့် နေပြည်တော်မှ တစ်ဦးတို့ဖြစ်သည်။
''ကိုဗစ်ကာလမှာ ရှေ့တန်းကတိုက် နေကြရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အောက်ခြေအဆင့်အုပ်ချုပ်ရေးတာဝန် ရှိသူတွေ၊ စေတနာ့ဝန်ထမ်းတွေအပြင် ကိုဗစ်နဲ့ပတ်သက်တဲ့ သတင်းတွေ၊ တခြားသတင်းတွေ ပြည်သူသိအောင် စုံစမ်း၊ မေးမြန်း၊ တင်ဆက်ပေးနေတဲ့ သတင်းထောက်တွေ၊ သတင်းနဲ့ဆက် စပ်နေတဲ့ သတင်းလုပ်သားတွေလည်း အန္တရာယ်ကြားက အလုပ်လုပ်နေကြ ရတာပါ။ သတင်းမီဒီယာတွေက တစ်ပူ ပေါ် နှစ်ပူဆင့်လို့ပြောရင် သတင်း သမားတွေက နောက်ထပ်အပူတွေထပ် ဆင့်နေတယ်။ စားဝတ်နေရေးအတွက် အလုပ်တည်မြဲရေး၊ လစာပုံမှန်ရရှိရေး ဆိုတဲ့အပူတွေနဲ့ အန္တရာယ်ရှိနေတဲ့ကြား က လိုအပ်ရင် အပြင်ကို သတင်းထွက် လိုက်ပေးနေကြရတယ်။ သတင်းစာ၊ ဂျာနယ်တွေ ပုံနှိပ်၊ ဖြန့်ချိဖို့အတွက် မဖြစ်မနေ အပြင်ထွက်အလုပ်လုပ်ပေး နေကြရတယ်။ အဲဒီလို အပြင်ထွက် အလုပ်လုပ်တိုင်း ကိုဗစ် ဘယ်အချိန် ကူးမလဲ၊ တကယ်လို့ ကူးစက်ခဲ့ရင် ကိုယ်တိုင်တင်မက ကိုယ်နဲ့ထိတွေ့ဆက် ဆံနေတဲ့မိသားစု၊ လုပ်ဖော်ကိုင်ဖက် တွေပါ ဒုက္ခတွေ့ကြမယ့်အရေးကလည်း ပူပန်နေပြန်တယ်''ဟု ဦးကျော်မင်းဆွေ က ဆက်လက်ပြောဆိုသည်။
COVID-19 ဖြစ်ပွားနေမှုအခြေ အနေသည် ကမ္ဘာလုံးဆိုင်ရာပုံနှိပ်မီဒီ ယာကျဆင်းမှု၊ အွန်လိုင်းဆိုရှယ်မီဒီ ယာရိုက်ခတ်မှု၊ ပြည်တွင်းစီးပွားရေး အကျပ်အတည်း(တစ်ဦးချင်းဝယ်ယူ နိုင်စွမ်းလျော့ဆင်းမှု၊ ကြော်ငြာမရရှိမှု)၊ မြန်မာပြည်သူများ၏ သတင်းစားသုံးမှု ပုံစံအပြောင်းအလဲ၊ အစိုးရ၏သတင်း မီဒီယာနှင့်ပတ်သက်သည့် သဘောထား စသည့်အခြေအနေများကြောင့် မူလ ကတည်းက အခက်အခဲဖြစ်နေသည့် သတင်းမီဒီယာများအပေါ် ရိုက်ခတ် မှုပြင်းထန်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
''လက်ရှိအခြေအနေမှာ အဓိက ဦးတည်ရတာကတော့ ကိုယ့်မြို့နယ်ထဲ ကို ရောဂါပိုးဝင်မလာရေးထက် ဒေသ တွင်းကူးစက်မှုမဖြစ်ပွားရေးပါပဲ''ဟု စစ် ကိုင်းတိုင်း ကနီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်း(စာရေးဆရာ သိုက်စိုးထွန်း-နတ်ရွာ)က ပြောသည်။
လက်ရှိအချိန်တွင် သတင်းဌာန များအနေဖြင့် ကြော်ငြာမရရှိခြင်း၊ ဝန် ထမ်းများ အလျဉ်မီအောင်ဆောင်ရွက် နေရခြင်း၊ ကိုဗစ်ကူးစက်နိုင်သည့်အခြေ အနေကြားတွင် သတင်းစာ၊ ဂျာနယ် ထုတ်နေကြရခြင်းနှင့်အတူ သတင်းမီဒီ ယာဝန်ထမ်းတစ်ဦး ရောဂါပိုးကူးစက် ခံရပါက တစ်တိုက်လုံးတင်မက ဆက် စပ်နေသည့်မိသားစုများပါ ထိခိုက်နိုင် သည့်အခြေအနေများလည်းရှိကြောင်း ဆိုသည်။















