တစ်ကျော့ပြန် Covid-19 ကူး စက်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ကျန်းမာရေးအာမခံကို စိတ်ဝင်စား မှုနှင့်အတူ ကျန်းမာရေးအာမခံထားသူ ပိုတိုးမြင့်လျက်ရှိနေကြောင်း မြန်မာ နိုင်ငံအတွင်း အာမခံလုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။ကျန်းမာရေး အာမခံထားရှိရန် စိတ်ဝင်စားမှု တိုးပွားလာသည့်အညီ Covid-19 ကူးစက်ရောဂါနှင့် သက်ဆိုင်သည့် အာမခံကိုလူအများ ပိုစိတ်ဝင်စားလာကြသည်။
''ဒါနဲ့ပတ်သက်ပြီး သံသယဖြစ် စရာမရှိပါဘူး။ အာမခံလုပ်ငန်းကဏ္ဍမှာ အသက်အာမခံနဲ့ ကျန်းမာရေး အာမခံကဏ္ဍတွေအပေါ် စိတ်ဝင်စားမူ တိုးတက်လာနေပါတယ်။ ဒီနှစ်ခုစလုံး က နည်းနည်းအသစ်ဖြစ်နေတုန်းပါ'' ဟု AIA Myanmar အာမခံ လုပ်ငန်း၏ CEO MR. NHON LY က ပြောသည်။
လက်ရှိအချိန်တွင် တစ်ဦးချင်း ကျန်းမာရေးအာမခံသာမက ကုမ္ပဏီ လုပ်ငန်း အစုလိုက်အတွက်ပါ ဝန် ဆောင်မှုများ ရှိလာနေပြီဖြစ်ကာတချို့အာမခံလုပ်ငန်းများမှာ Covid-19 အတွက် သီးသန့်အာမခံ ထားရှိကြ သလို တချို့လုပ်ငန်းများမှာ ကျန်းမာ ရေးအာမခံထားရှိသည်နှင့် တစ်ပြိုင်နက်တည်း Covid-19 ကူးစက်ရောဂါ အတွက်ပါ ထပ်ဆောင်းအကျိုးခံစားခွင့် စသည်ဖြင့် ပေးအပ်လျက်ရှိကြသည် ဟု အာမခံလုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။
သို့သော် အာမခံလုပ်ငန်း အများ စုမှာ မြန်မာနိုင်ငံတွင် အာမခံနှင့် ပတ်သက်၍ အသိပညာဗဟုသုတ ဖြန့်ဝေပေးခြင်း၊ အာမခံထားရှိခြင်း ကြောင့် ရရှိလာမည့် အကျိုးဆက်များ ပြောပြခြင်းတို့ကို လုပ်ဆောင် နေဆဲ ဖြစ်ကြောင်း ဆိုကြသည်။
''ကပ်ရောဂါစတင် ပျံ့နှံ့လာချိန် ကတည်းက အသက်အာမခံအပေါ် လူတွေပိုပြီး စိတ်ဝင်စားလာကြတာ တွေ့ရပါတယ်။ မေးမြန်းကြတဲ့သူတွေထဲက အများစုဟာ Covid-19 နဲ့ ပတ်သက်ပြီး အဓိက မေးမြန်းကြတာ ကို တွေ့ရတယ်''ဟု Prudential Myanmar Life Insurance မှ တာဝန် ရှိသူ တစ်ဦးက ဆိုသည်။
ကျန်းမာရေးကုသမှု အာမခံကို လအလိုက်ထားရှိနိုင်သလို ယူနစ် အလိုက် ငွေကျပ်သောင်းဂဏန်း ဝန်းကျင် ကျသင့်မည် ဖြစ်ကာ ရက် ပေါင်း ၆ဝ အထိ ဆေးရုံတက်စရိတ် ရရှိနိုင်သလို ထိခိုက်ဒဏ်ရာရ၊သေဆုံးလျှင်လည်း ထိုက်သင့်သော အာမခံ ကြေးပမာဏကို ရရှိနိုင်မည်ဖြစ်ကာ လက်ရှိ Covid-19 ကူးစက်ရောဂါ အခြေအနေကြောင့် လူအများကျန်း မာရေးအာမခံထားရှိမှုမှာ ပျမ်းမျှ တစ်ရက်လျှင် လူထောင်ဂဏန်းအထိ ရှိလာသည်ဟု Young Insurance ၏အာမခံ ကိုယ်စားလှယ်ဖြစ်သူ ဦးကျော်မင်းနိုင်က ဆိုသည်။
''Covid-19 နဲ့ ပတ်သက်တဲ့သတင်း အချက်အလက်တွေက အာမခံလုပ်ငန်းအပေါ်မှာ အကျိုး သက်ရောက်မှုရှိပါတယ်''ဟု ၎င်းကပြောသည်။အာမခံထားရှိမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် လုပ်ငန်း ၁ဝ ခန့် လုပ်ကိုင်လျက်ရှိနေကြသလိုအာမခံဈေးကွက်မှာ အသစ်ဖြစ်နေသေး၍ အသိပညာပေးခြင်းကို အာရုံစိုက်ဆောင်ရွက်လျက် ရှိနေကြကြောင်း၊ အာမခံထားရမှုနှင့် ပတ်သက်ပြီး အစိုးရမှ မူဝါဒချမှတ်မှုမှာ ပိုအား ကောင်းရန် လိုအပ်ကြောင်း အာမခံလုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။
တစ်ကျော့ပြန် Covid-19 ကြောင့် ကျန်းမာရေးအာမခံကို ထား ရှိလိုသူများလာနေပြီး မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့ရှိသူဦးရေ ၄၂၉၉ဦးအထိ ရှိလာနေကာ သေဆုံးသူ ၆၁ ဦးအထိ ရှိလာသည်။
















