ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး မန္တလေး ကုန်စည်ဒိုင်ကို ၁ဝ ရက်ပိတ်မည်

ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး မန္တလေး ကုန်စည်ဒိုင်ကို ၁ဝ ရက်ပိတ်မည်

ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မန္တလေးကုန်စည်ဒိုင်ကို ၁ဝ ရက်ပိတ်မည်ဖြစ်ကြောင်း သိရ သည်။

အသင်းအမှုဆောင်များအစည်းအဝေးဆုံးဖြတ်ချက်အရ မန္တလေးကုန် စည်ဒိုင်ကို စက်တင်ဘာ ၂၁ ရက်မှ စတင်၍ အောက်တိုဘာ ၁ ရက်ထိ ယာယီပိတ်ထားမည်ဟု ပွဲစားကုန်သည် များ မဟာကထိန်တော်အသင်းက ထုတ်ပြန်ကြေညာခဲ့သည်။

''ကုန်စည်ဒိုင်နဲ့ အမြဲချိတ်ဆက် ဆောင်ရွက်တဲ့ ၈၄ လမ်း ရိုးမဘဏ်က ဝန်ထမ်းသုံးဦး Quarantine ဝင်နေ တာသိရတယ်။ အဲဒါကြောင့် ကုန်စည် ဒိုင်ကနေလည်း ရှိခဲ့ရင်လည်း နည်း အောင်လို့ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ ထိန်းချုပ်ကာကွယ်ရေးအတွက် ကျန်း မာရေးအခြေပြုပြီး ၁ဝ ရက်ပိတ်လိုက် တာပါ''ဟု ကုန်စည်ဒိုင်ဒုတိယဥက္ကဋ္ဌ ဦးချွန်က ပြောသည်။

မန္တလေးကုန်စည်ဒိုင်တွင် ကိုဗစ် ကာလ၌ နေ့စဉ်လူဦးရေ ၂ဝဝ ကျော် အဝင်အထွက်ရှိကာ ရိုးမဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်မှုများရှိကြောင်း၊ ပြီးခဲ့သည့်လပိုင်းက အသင်းသားတစ်ဦး Quarantine  ဝင်ခဲ့ရသဖြင့် နေ့စဉ်ပိုး သတ်ဆေးဖျန်းခြင်းတို့ ဆောင်ရွက်နေ သကဲ့သို့ အသင်းဝင်များကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။

''အသင်းသားတွေကလည်း ဘဏ် တွေနဲ့ ချိတ်ဆက်မှုရှိတယ်။ ကုန်စည် ဒိုင်မှာ ခုတော့ တစ်ရက်ခြားပိုးသတ် ဆေးဖျန်းတယ်''ဟု ၎င်းက ဆက်လက် ပြောသည်။

ကုန်စည်ဒိုင် ပိတ်လိုက်သည့် အတွက် ကုန်စည်စီးဆင်းမှုမပြတ်စေ ရန် အသင်းသားများသည် မိမိတို့နေ အိမ်များမှ Facebook နှင့်Viber Group ဖြင့်အရောင်းအဝယ်ပြုလုပ် ကြရန်နှင့် ကုန်စည်ဒိုင်မျက်နှာစာ ၈၆ လမ်းပေါ်တွင်လည်း အရောင်းအဝယ် မပြုလုပ်ကြရန် မေတ္တာရပ်ခံထားသည်။

ကိုဗစ်ပထမပိုင်းကာလဖြစ်သော ပြီးခဲ့သည့်ဧပြီ ၁၁ ရက်မှ ၂၈ ရက်အထိ ပထမအကြိမ် ကုန်စည်ဒိုင်ပိတ်ခဲ့ပြီး ဖြစ်သည်။