ရီးရဲလ်မက်ဒရစ်အသင်း၌ အထိုင်မကျဖြစ်နေသော ဝေးလ်တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်သည် ခန့်မှန်းသတင်းများအတိုင်း အသင်းဟောင်းစပါးသို့ တစ်ရာသီ အငှားစာချုပ်ဖြင့် ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ဗြိတိန်သတင်းများကဖော်ပြ ခဲ့သည်။
ဂါရတ်ဘေးလ်သည် စပါးအသင်းနှင့် အောင်မြင်မှုများရရှိခဲ့ပြီးနောက် ၂ဝ၁၃ ခုနှစ်က ပြောင်းရွှေ့ကြေးပေါင် ၈၅ သန်းဖြင့် ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ ခဲ့သူဖြစ်သည်။ ဂါရတ်ဘေးလ်က ''ဒီကိုပြန်ရောက်လာတာဟာ ပျော်စရာကောင်း ပါတယ်။ ဒီနေရာက ကျွန်တော် နာမည်တစ်လုံးတည်ဆောက်ခဲ့တဲ့နေရာပါ။ စပါးကို အကူအညီပေးချင်ပါတယ်။ ဆုဖလားတွေ အများကြီးရချင်ပါတယ်''ဟု ဆိုခဲ့သည်။
စပါးသည် အပြောင်းအရွှေ့ဈေးကွက်အတွင်း ရီးရဲလ်မက်ဒရစ်မှ အသက်(၂၃)နှစ်အရွယ် စပိန်ဘယ်နောက် ခံလူ ရီဂူလွန်ကို ပြောင်းရွှေ့ကြေးပေါင် ၂၈ သန်းဖြင့်ခေါ်ယူကာ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ ရီဂူလွန်သည် ရီးရဲလ်မက်ဒရစ်အသင်း၌ ပွဲအကန့်အသတ်ဖြင့်သာ ကစားခွင့်ရခဲ့ပြီးနောက် ၎င်းအားစိတ်ဝင် စားနေသော မန်ယူအသင်းထံ မပြောင်းရွှေ့ခဲ့ဘဲ စပါးသို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။















