အင်ဒိုနီးရှား၌ စက်တင်ဘာ ၁၉ ရက်တွင် COVID-19 ကူးစက်သစ် ၄၁၆၈ ဦးဖြင့် စံချိန်တင်

အင်ဒိုနီးရှား၌ စက်တင်ဘာ ၁၉ ရက်တွင် COVID-19 ကူးစက်သစ် ၄၁၆၈ ဦးဖြင့် စံချိန်တင်

အင်ဒိုနီးရှားနိုင်ငံ၌ စက်တင်ဘာ ၁၉ ရက်တွင် COVID-19 ကူးစက်သူသစ် ၄၁၆၈ ဦးဖြင့် ကူးစက်သူသစ်စံချိန်တင်ရှိခဲ့ကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အင်ဒိုနီးရှား၌ COVID-19 ကူးစက်သူ ၂၄၀၆၈၇ ဦးရှိနေပြီဖြစ်သည်။ အင်ဒိုနီးရှား၌ စက်တင်ဘာ ၁၉ ရက်တွင် COVID-19 ဖြင့်သေဆုံးသူ ၁၁၂ ဦးရှိခဲ့သောကြောင့် သေဆုံးသူ ၉၄၄၈ ဦးရှိနေပြီဖြစ်ကာ အရှေ့တောင်အာရှ၌ သေဆုံးသူဦးရေအများဆုံးအဖြစ်ရပ်တည်နေသည်။

လာမည့်လများအတွင်း မြို့တော်၌ COVID-19 ရှိမရှိ စစ်ဆေးမှုများကို နှစ်ဆတိုးပြုလုပ်မည်ဖြစ်ကြောင်း ဂျကာတာအုပ်ချုပ်ရေးမှူး အဲနီစ် ဘက်စ်ဝဲဒါန်က ပြောဆိုခဲ့သည်။ ဂျကာတာ၌ ယခုလအတွင်း တစ်ရက်လျှင် COVID-19 ကူးစက်သူသစ် ၁၀၀၀ ကျော်ရှိနေပြီး ယင်းသည် သြဂုတ်လတွင်းရှိခဲ့သည့် တစ်ရက်လျှင် ပျမ်းမျှဦးရေထက် နှစ်ဆကျော်ရှိနေသည်။

လူဦးရေ ၁၀ သန်းရှိသော ဂျကာတာ၌ တစ်ရက်လျှင် COVID-19  ရှိမရှိစစ်ဆေးမှု ၅၀၀၀၀ ခန့်ကို ပြုလုပ်နေကြောင်း ဘက်စ်ဝဲဒန်ကပြောဆိုခဲ့သည်။ ဂျကာတာ၌ လွန်ခဲ့သောသုံးပတ်အတွင်း လူ ၁၀၀၀ လျှင် ခြောက်ဦးကို စစ်ဆေးနိုင်ခဲ့ခြင်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အနည်းဆုံးသတ်မှတ်ချက်ထက် ငါးဆပိုမိုများပြားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောဆိုခဲ့သည်။

ကူးစက်မှုနှုန်းပြန်တက်လာမှုကြောင့် ဇွန်တွင် ရုတ်သိမ်းခဲ့သည့် ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ပြန်လည်ချမှတ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိကြောင်း ဘက်စ်ဝဲဒန်ကပြောဆိုခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံရှိ အစိုးရဝန်ကြီးဌာနတချို့တွင် COVID-19 အစုလိုက်အပြုံလိုက်ကူးစက်မှုများရှိနေသဖြင့် အစိုးရဌာနများသည် ကျန်းမာရေးစည်းမျဉ်းလိုက်နာမှုတွင် စံနမူနာပြုနေထိုင်ရေး ကြိုးပမ်းရမည်ဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ ပူယံ မဟာရာနီက တိုက်တွန်းပြောဆိုခဲ့သည်။

မြို့တော်ရှိ ဝန်ကြီးဌာနရုံးခန်းနှင့် ဌာန ၃၀ တို့တွင် COVID-19 ကူးစက်မှုများရှိနေကြောင်း မဟာရာနီက မြို့တော်အုပ်ချုပ်ရေးအဖွဲ့၏စာရင်းအင်းများကို ကိုးကား၍ဖော်ပြခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၌ COVID-19 ကူးစက်သူ ၁၃၉ ဦး၊ ပို့ဆောင်ရေးဝန်ကြီးဌာန၌ COVID-19 ကူးစက်သူ ၉၀ နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ COVID-19 ကူးစက်သူ ၄၂ ဦး အသီးသီးရှိနေကြောင်း အစိုးရ၏ COVID-19 သတင်းအချက်ဆိုင်ရာဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ ကူးစက်မှုများနှင့်ပတ်သက်၍ စက်တင်ဘာ ၇ ရက်အထိသာ နောက်ဆုံးသတင်းရရှိသေးသည်။