လွန်ခဲ့သောနှစ်ရက်အတွင်း တရုတ်စစ်လေယာဉ်များ ထိုင်ဝမ်အနီးတစ်ဝိုက်တွင် ပျံသန်းခဲ့မှုသည် တရုတ်သည် ဒေသတစ်ခုလုံးအတွက် ခြိမ်းခြောက်မှုဖြစ်ပြီး ထိုင်ဝမ်သားများအား တရုတ်အစိုးရ၏စိတ်ရင်းအမှန်ကို ပြသလိုက်ခြင်းသာဖြစ်ကြောင်း ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်က စက်တင်ဘာ ၂၀ ရက်တွင် ပြောဆိုခဲ့သည်။
စက်တင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် တရုတ်စစ်လေယာဉ်များစွာသည် ထိုင်ဝမ်ရေလက်ကြားနှင့် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုန်များသို့ ဖြတ်သန်းဝင်ရောက် ပျံသန်းခဲ့သောကြောင့် ထိုင်ဝမ်လေတပ်သည် တိုက်လေယာဉ်များ စေလွှတ်ပြီး သတိပေးမှုုပြုလုပ်ခဲ့ရသည်။ ထိုင်ဝမ်ကို တစ်ချိန်ချိန်တွင် ပြည်မကြီးနှင့် ပြန်လည်ပေါင်းဆုံမည့် နယ်မြေတစ်ခုအဖြစ် တရုတ်က ပြောဆိုထားပြီးဖြစ်သည်။
ထိုင်ဝမ်အနီးတွင် စက်တင်ဘာ ၁၈ ရက်မှစ၍ စစ်ရေးလေ့ကျင့်ခဲ့ပြီး ထိုင်ဝမ်နှင့် အမေရိကန်ပြည်ထောင်စုတို့ ပူးပေါင်းပြီး ဒေသတွင်း တင်းမာမှုများရှိလာအောင် လုပ်ဆောင်နေကြောင်း တရုတ်က ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
စစ်ရေးလေ့ကျင့်မှုများသည် တရုတ်၏နိုင်ငံတကာပုံရိပ်အတွက် အထောက်အကူမရဘဲ ယင်းလုပ်ရပ်များကြောင့် ထိုင်ဝမ်ပြည်သူများသည် ကိုယ့်မြေကိုယ့်ရေကို ကာကွယ်ရန် ပိုမိုစိတ်အားထက်သန်သွားနိုင်ကာ တရုတ်ကွန်မြူနစ်အစိုးရ၏ စိတ်ရင်းအမှန်ကို ပိုမိုသိရှိခဲ့ရကြောင်း ဆိုင်က ပြောဆိုခဲ့သည်။
ထို့ပြင် ဒေသတွင်းရှိ အခြားနိုင်ငံများသည်လည်း တရုတ်၏ခြိမ်းခြောက်မှုကို ပိုမိုနားလည်သွားနိုင်ကြောင်း ဆိုင်က ဆက်လက်ပြောဆိုခဲ့သည်။ တရုတ်လေတပ်သည် နျူလက်နက်ဖြင့် တိုက်ခိုက်နိုင်စွမ်းရှိသည့် H-6 ဗုံးကြဲလေယာဉ်များ၏ဗီဒီယိုဖိုင်ကို စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

















