ဗြိတိန်နိုင်ငံ၌ ချမှတ်ထားသည့် COVID-19 တိုက်ဖျက်ရေး ကျန်းမာရေးစည်းမျဉ်းများကို ဆန့်ကျင်သည့်အနေဖြင့် စက်တင်ဘာ ၁၉ ရက်တွင် လန်ဒန်၌ ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား ထိပ်တိုက်ဆုံမှုများရှိခဲ့သည်။
လန်ဒန်မြို့လယ်ရှိ ထရာဖယ်ဂါရင်ပြင်၌ လူရာပေါင်းများစွာ စုဝေးပြီး ကူးသန်းသွားလာမှုကန့်သတ်ချက်စည်းမျဉ်းများကို ဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးလို့မရစေရန် ဆန္ဒပြသူများသည် ပိတ်ဆို့မှုများကို ပြုလုပ်ခဲ့သည်။
ဆန့်ကျင်မှုနှင့် လွတ်လပ်မှုအတွက် လှုပ်ရှားမှု ဟုအမည်ပေးထားသည့် ဆန္ဒပြမှုအတွင်း လူဒါဇင်ပေါင်းများစွာသည် ဒါဟာ အာဏာရှင်စနစ် ဟုရေးသားထားသည့် ကတ်ပြားများကို ကိုင်ဆောင်ခဲ့ပြီး လွတ်လပ်မှု ဟုကြွေးကြော်ခဲ့ကြသည်။ ဆန္ဒပြမှုများကြားတွင် အကြမ်းဖက်မှုလိုလားပြီး ရဲတပ်ဖွဲ့ဝင်များအပေါ် အကြမ်းဖက်သူများရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
COVID-19 ကူးစက်မှု အဆမတန်မြင့်တက်လာမှုကြောင့် ဗြိတိန်အစိုးရသည် နိုင်ငံတစ်ဝန်း လူခြောက်ဦးထက်ပိုပြီး စုဝေးခြင်းမပြုရန် စည်းမျဉ်းကို ယခုအပတ်တွင် ချမှတ်ခဲ့သည်။ အင်္ဂလန်အနောက်မြောက်ပိုင်းမြို့များ၌ ပိုမိုတင်းကျပ်သော စည်းမျဉ်းများကို ချမှတ်ခဲ့သည်။
ဗြိတိန်၌ COVID-19 ဒုတိယလှိုင်းရှိနေပြီဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က စက်တင်ဘာ ၁၈ ရက်တွင် ပြောဆိုခဲ့ပြီးနောက် အစိုးရအရာရှိများသည် နိုင်ငံတစ်ဝန်း ပိုမိုတင်းကျပ်သော စည်းမျဉ်းများ ချမှတ်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။
ဗြိတိန်ရှိ နေရာတချို့တွင် ချမှတ်ကျင့်သုံးနေပြီဖြစ်သည့် စည်းမျဉ်းများကို မြို့တော်၌လည်း ကျင့်သုံးဖွယ်ရှိနေကြောင်း လန်ဒန်မြို့တော်ဝန် ဆာဒစ် ခန်းကပြောဆိုခဲ့သည်။ ယင်းတို့တွင် ညမထွက်ရန် အမိန့်ထုတ်ပြန်ခြင်း၊ စားသောက်ဆိုင်များအနေဖြင့် ဆိုင်ပိတ်သည့်အချိန်ကို ရှေ့တိုးခြင်းနှင့် အိမ်လည်ခြင်းကို ပိတ်ပင်မှုများပါဝင်မည်ဖြစ်သည်။
ဗြိတိန်၌ စက်တင်ဘာ ၁၉ ရက်တွင် COVID-19 ကူးစက်သူသစ် ၄၃၂၂ ဦးရှိခဲ့သည်။ ဗြိတိန်၌ ခုနစ်ရက်တိုင်း ကူးစက်သူသစ်နှင့် ဆေးရုံတင်ကုသမှုခံယူသူဦးရေ နှစ်ဆတိုးနေကြောင်း အစိုးရ၏စာရင်းအင်းများတွင်ဖော်ပြထားသည်။ စက်တင်ဘာ ၄ ရက်အထိ တစ်ပတ်အတွင်း အင်္ဂလန်ရှိ လူ ၆၀၀၀၀ ခန့် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်တမ်းတစ်ခုအရသိရသည်။ လူ ၉၀၀ လျှင် တစ်ဦး ကူးစက်ခံနေရခြင်းဖြစ်သည်။
ဗြိတိန်၌ COVID-19 ဖြင့်သေဆုံးသူ ၄၁၈၂၁ ဦးရှိနေသဖြင့် ဥရောပတွင် သေဆုံးသူအများဆုံးရှိနေကြောင်း အစိုးရ၏စာရင်းအင်းများအရသိရသည်။

















