အီရန်နိုင်ငံ၌ COVID-19 ဖြင့်သေဆုံးသူ ၂၄၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းအင်းများအရသိရသည်။
အီရန်ရှိ အထူးကြပ်မတ်ကုသဆောင်များတွင် ကုသမှုခံယူနေရသည့် COVID-19 အတည်ပြုလူနာထက်ဝက်ခန့်သည် သေဆုံးနေပြီး အသက်ရှူအကူစက်ဖြင့်နေရသူများအနက် ၉၀ ရာခိုင်နှုန်းသည် သေဆုံးနေကြောင်း ကူးစက်ရောဂါကျွမ်းကျင်သူဖြစ်သလို အစိုးရ၏ COVID-19 တိုက်ဖျက်ရေးအထူးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် မာဆိုး မာဒါနီကပြောဆိုခဲ့သည်။
အီရန်၌ COVID-19 ဖြင့်ဆေးရုံတင်ကုသမှုခံယူရသူများအနက် ၁၀ မှ ၁၂ ရာခိုုင်နှုန်းသေဆုံးနေကြောင်း မာဒါနီက ISNA သတင်းဌာနသို့ ပြောဆိုခဲ့သည်။ အီရန်၌ COVID-19 ဖြင့်သေဆုံးသူ ၂၄၁၁၈ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သောအပတ်အတွင်း တစ်ရက်လျှင် အထူးကြပ်မတ်ကုသဆောင်သို့ရောက်ရှိသည့် လူနာဦးရေသည် ၆၈ ဦးမှ ၂၀၀ အထိတိုးလာခဲ့ကြောင်း တီဟီရန်ရှိ မာဆီ ဒါနက်ရှ်ဗာရီဆေးရုံရှိ ကူးစက်ရောဂါဌာနအကြီးအကဲ ပါယမ် တာဘာဆီကပြောဆိုခဲ့သည်။
ယင်းနှုန်းအတိုင်းဆက်သွားမည်ဆိုပါက COVID-19 ဖြင့်သေဆုံးသူဦးရေသည် လာမည့်ရက်သတ္တပတ်များအတွင်း တစ်ရက်လျှင် ၆၀၀ ခန့်ရှိလာနိုင်ကြောင်း တာဘီဆီကပြောဆိုခဲ့သည်။ အီရန်၌ စက်တင်ဘာ ၁၉ ရက်တွင် ကူးစက်သူသစ် ၂၈၄၅ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၄၁၉၀၄၃ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ဆီမာ ဆာဒတ် လာရီကပြောဆိုခဲ့သည်။
အများပြည်သူများကြား ကျန်းမာရေးစည်းမျဉ်းများ လိုက်နာမှု ၂၀ ရာခိုင်နှုန်းလျော့ကျခဲ့မှုကြောင့် ကူးစက်သူဦးရေ တိုးလာခြင်းဖြစ်ကြောင်း အီရန်သမ္မတဟာဆင် ရိုဟာနီက စက်တင်ဘာ ၁၉ ရက်တွင် ပြောဆိုခဲ့သည်။ မကြာသေးမီရက်ပိုင်းအတွင်း ကူးစက်သူသစ်များတွင် ကျောင်းသားများနှင့် ဆရာများပါဝင်သောကြောင့် စာသင်ကျောင်းများကို ပိတ်သိမ်းပြီး အွန်လိုင်းစနစ်ဖြင့်သာ သင်ကြားရန် တာဘာဆီက တိုက်တွန်းပြောဆိုခဲ့သည်။

















