အိန္ဒိယနိုင်ငံရှိ ဘဏ္ဍာရေးလုပ်ငန်းများရှိရာ မွမ်ဘိုင်းမြို့အနီးရှိ ဗီဝန်ဒီမြို့၌ စက်တင်ဘာ ၂၁ ရက်တွင် သုံးထပ်လူနေအဆောက်အအုံတစ်ခုပြိုကျမှုကြောင့် လူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အစိုးရအရာရှိများကပြောဆိုခဲ့သည်။
ဒေသဆိုင်ရာစံတော်ချိန် နံနက် ၃ နာရီ မိနစ် ၄၀ တွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များကပြောဆိုခဲ့သည်။ လူ ၁၀ ဦးသေဆုံးပြီး ၁၁ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ဗီဝန်ဒီမြို့အုပ်ချုပ်ရေးကိုတာဝန်ယူထားရသည့် သာနဲစီးတီးအုပ်ချုပ်ရေးအဖွဲ့က ပြောဆိုခဲ့သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့မှ ကယ်ဆယ်ရေးအဖွဲ့ဝင် ၃၀ အပါအဝင် ကယ်ဆယ်ရေးသမား ၄၀ ဖြင့် ရှာဖွေကယ်ဆယ်မှုများကိုပြုလုပ်ခဲ့ကြောင်း အစိုးရအရာရှိများကပြောဆိုခဲ့သည်။ အပျက်အစီးများအောက်တွင် ပိတ်မိနေသူ ၂၀ မှ ၂၅ ဦးကို အထူးကိရိယာများ၊ အနံ့ခံခွေးများဖြင့် ရှာဖွေကယ်ဆယ်ခဲ့ရကြောင်း တပ်ဖွဲ့အကြီးအကဲ စကြာ နာရာယန်း ပရာဓာန်ကပြောဆိုခဲ့သည်။
ကလေးငယ်တစ်ဦးကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း အေအင်န်အိုင်သတင်းဌာနက ဖော်ပြခဲ့သည်။ အဆောက်အအုံပြိုကျမှုကြောင့် လူ ၁၁ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း ဗီဝန်ဒီကော်မရှင်နာ ပန်ဂျက် အရှီယာက ပြောဆိုခဲ့သည်။
အဆောက်အအုံသည် သက်တမ်း နှစ် ၃၀ ကျော်နေပြီဖြစ်သောကြောင့် ပြင်ဆင်ရန်လိုအပ်နေရာ COVID-19 ကြောင့် ပြင်ဆင်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရကြောင်း ၎င်းကပြောဆိုခဲ့သည်။ အိန္ဒိယ၌ နိုင်ငံ တရားမဝင်ဆောက်လုပ်မှုများ၊ စံချိန်စံညွှန်းနှင့် အညီဆောက်လုပ်မှုမရှိခြင်းတို့ကြောင့် အဆောက်အအုံများ မကြာခဏပြိုကျလေ့ရှိသည်။

















