တောင်ကိုရီးယားမြို့တော် ဆိုးလ်နှင့် အနီးဝန်းကျင်ဒေသများ၌ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

တောင်ကိုရီးယားမြို့တော် ဆိုးလ်နှင့် အနီးဝန်းကျင်ဒေသများ၌ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

တောင်ကိုရီးယား၌ သြဂုတ်လလယ်မှစ၍ COVID-19 ကူးစက်သူဦးရေ အနည်ဆုံးအထိ ကျဆင်းခဲ့ပြီးနောက် မြို့တော် ဆိုးလ်နှင့် အနီးဝန်းကျင်ဒေသများ၌ စက်တင်ဘာ ၂၁ ရက်တွင် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။

စာသင်ကျောင်းရှိ ကျောင်းသားဦးရေကို ကန့်သတ်သည့်အနေဖြင့် ကျောင်းသားများသည် စာသင်ကျောင်းသို့ ကိုယ်တိုင်လာရောက်သင်ယူခြင်းနှင့် အွန်လိုင်းစနစ်တို့ကို ပူးတွဲကျင့်သုံးရမည်ဖြစ်သည်။

ကျောင်းသားများသည် စာသင်ကျောင်းသို့ တစ်ပတ်လျှင် တစ်ရက်၊ နှစ်ရက်သာ လာရောက်ရမည်ဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင် တောင်ကိုရီးယားသည် COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး အခြားနိုင်ငံများကဲ့သို့ တင်းကျပ်သော ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ချမှတ်စရာမလိုတော့သော်လည်း သြဂုတ်တွင် ဘုရားကျောင်းတစ်ကျောင်းရှိ ဘာသာရေးအခမ်းအနားတစ်ခုနှင့် နိုင်ငံရေးချီတက်ပွဲတစ်ခုတို့ကြောင့် အစုလိုက်အပြုံလိုက်ကူးစက်မှုများရှိလာခဲ့သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသားများအား စာသင်ကျောင်း တက်ရောက်ခွင့်ပြုခဲ့သော်လည်း သြဂုတ် ၂၆ ရက်မှစ၍ စာသင်ကျောင်းအများစုကို ပိတ်သိမ်းခဲ့သည်။ အဆင့်(၂)ကူးသန်းသွားလာမှုကန့်သတ်ချက်ကို စက်တင်ဘာ ၂၇ ရက်အထိ သက်တမ်းတိုးကြောင်း အာဏာပိုင်များက စက်တင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပိတ်ပင်ချက်အရ အလုံပိတ်အခန်းများအတွင်း လူ ၅၀ ထက်ကျော်လွန်ပြီး စုဝေးခွင့်မရှိသလို လေဟာပြင်နေရာများတွင်လည်း လူ ၁၀၀ ကျော်လွန်ပြီး စုဝေးခွင့်မရှိချေ။

ရိုးရာ ချူဆုတ်အားလပ်ရက်သုံးရက်မတိုင်မီတွင် တင်းကျပ်သော ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ချမှတ်မည်ဖြစ်ကြောင်း အာဏာပိုင်များကပြောဆိုခဲ့သည်။ ယခုအချိန်သည် ပေါ့လျော့ရမည့်အချိန်မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိ ယွန်းထဲဟိုကပြောဆိုခဲ့သည်။

တောင်ကိုရီးယား၌ စက်တင်ဘာ ၂၀ ရက်တွင် COVID-19 ကူးစက်သူသစ် ၇၀ ဦးရှိခဲ့ပြီး ယင်းသည် သြဂုတ်လလယ်မှစ၍ တစ်ရက်အတွင်း ကူးစက်သူူသစ်အနည်းဆုံးရှိခဲ့ခြင်းဖြစ်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ပြောဆိုခဲ့သည်။