တန်ပြန်တိုက်ခိုက်ခွင့်ရှိနေကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်

တန်ပြန်တိုက်ခိုက်ခွင့်ရှိနေကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်

ခြိမ်းခြောက်မှု၊ အနိုင်ကျင့်မှုများနှင့် ကြုံရပါက ထိုင်ဝမ်စစ်တပ်သည် ကိုယ့်မြေကိုယ့်ရေကို ခုခံကာကွယ်ခွင့်နှင့် တန်ပြန်တိုက်ခိုက်ခွင့်ရှိနေကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်ပြည်မကြီးက ထိုင်ဝမ်သည် ၎င်းတို့နှင့် တစ်ချိန်ချိန်တွင် ပြန်လည်ပေါင်းဆုံမည့် ဒေသတစ်ခုဖြစ်ပြီး လိုအပ်ပါက အင်အားသုံးသိမ်းပိုက်ရန်လည်း စီစဉ်ထားကြောင်း ပြောဆိုထားပြီးဖြစ်သည်။

စက်တင်ဘာ ၁၈ ရက်တွင် တရုတ်စစ်လေယာဉ်များစွာသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ပြီး ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းဝင်ရောက်ခဲ့မှုကြောင့် ထိုင်ဝမ်စစ်တပ်သည် တိုက်လေယာဉ်များစေလွှတ်ကာ သတိပေးခဲ့ရသည်။

တရုတ်သည် ဒေသတစ်ခုလုံးအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်က ပြောဆိုခဲ့သည်။ ယခုနှစ်အတွင်း ရန်သူ၏စစ်သင်္ဘောများနှင့် လေယာဉ်များ၏ခြိမ်းခြောက်မှု၊ ဗိုလ်ကျစော်ကားများမှုများရှိနေပြီး ယင်းအပြုအမူများအား မည်ကဲ့သို့ တုံ့ပြန်မည်ကို ထိုင်ဝမ်၌ တိကျသော လုပ်ထုံးလုပ်နည်းများလည်းရှိနေကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုင်ဝမ်သည် ကိုယ့်ပိုင်နက်ကို ခုခံကာကွယ်ခွင့်နှင့် တန်ပြန်တိုက်ခိုက်ခွင့်တို့ရှိနေပြီး ပဋိပက္ခများမပေါ်ပေါက်စေရန်နှင့် အခြေအနေပိုမိုဆိုးရွားသွားခြင်းမရှိစေရန်အတွက် စည်းမျဉ်းများကို လိုက်နာနေရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုင်ဝမ်သည် လှုံ့ဆော်မှုများကို ပြုလုပ်မည်မဟုတ်သော်လည်း ရန်သူကိုမူ မကြောက်လန့်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။ အမေရိကန်ထိပ်တန်းအရာရှိတစ်ဦး ထိုင်ဝမ်သို့လာရောက်ခြင်းကို မကျေနပ်သည့်အတွက် တရုတ်စစ်တပ်သည် လွန်ခဲ့သောအပတ်တွင် ထိုင်ဝမ်အနီးတစ်ဝိုက်၌ စစ်ရေးလေ့ကျင့်မှုများကိုပြုလုပ်ခဲ့သည်။

သြဂုတ်တွင် အမေရိကန်ကျန်းမာရေးဝန်ကြီး အလက်စ် ဇာနှင့် လွန်ခဲ့သောအပတ်တွင် စီးပွားရေးရာလက်ထောက်ဝန်ကြီး ကိတ် ကရာချ်တို့ ထိုင်ဝမ်သို့လာရောက်ခဲ့ပြီးနောက် အမေရိကန်နှင့် ထိုင်ဝမ်တို့ပူးပေါင်းပြီး ဒေသတွင်း တင်းမာမှုများရှိလာစေရန် လုပ်ဆောင်နေကြောင်း တရုတ်က စွပ်စွဲပြောဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးမရှိသော်လည်း ထိုင်ဝမ်သို့ လက်နက်များရောင်းချနေပြီး ပြည်ပနိုင်ငံတစ်နိုင်ငံက ထိုင်ဝမ်ကိုကျူးကျော်လာပါက မဟာမိတ်အား အကူအညီပေးရန် စာချုပ်ချုပ်ဆိုထားသည်။