ပေါင်မြို့နယ်၌ အရက်မူးပြီး အိပ်နေသူကို အိမ်ပြန်ရန်ခေါ်နှိုးရာက မထ၍ ဒေါသဖြစ်ကာ ကျောက်ခဲဖြင့် ထုသတ်ခဲ့သည်ဆိုမှုကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း စက်တင်ဘာ ၂၁ ရက်နေ့တွင် ရဲတပ်ဖွဲ့မှ သိရသည်။
စက်တင်ဘာ ၂၀ ရက်နေ့ ညပိုင်းတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ အမှတ်(၂) ရပ်ကွက်ရှိ ဆွမ်းလောင်း ဇရပ်၌ လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ ဇင်းကျိုက်နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်မျိုးလွင်နှင့်အဖွဲ့က သွားရောက်စစ် ဆေးခဲ့သည်။
စုံစမ်းချက်အရ သေဆုံးသူမှာ ဝင်းဇော်ဦး (၄၅ နှစ်) ဖြစ်ပြီး ဝင်းဇော်ဦးမှာ ဦးခေါင်းယာဘက်ချိုစောင်း ဖူးရောင် ဒဏ်ရာ၊ ယာပါးဖူးရောင်ဒဏ်ရာ၊ ပါးစပ်တွင် သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရသည်။
စုံစမ်းချက်အရ အခင်းဖြစ်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က အရက်သောက်ရန် မိခင်ဖြစ်သူထံမှ ငွေ ၂၀၀ ကျပ်ကို တောင်းခံကာ နေအိမ်မှ ထွက်ခွာသွားခဲ့ပြီး ဥတ္တံတားကျေးရွာနေသူ ချစ်ကို (ခ )ချစ်စမ်းမောင် (၃၄ နှစ်) နှင့်အတူ အရက်သောက်ခဲ့သည်။
ထို့နောက် ၎င်းတို့ ၂ ဦးမှာ ဥတ္တံတားကျေးရွာ အမှတ်(၂)ရပ်ကွက်ရှိ ဆွမ်းလောင်းဇရပ်တွင် အတူတူထိုင်ခဲ့ပြီး ဝင်းဇော်ဦးမှာ အိပ်ပျော်နေသဖြင့် ချစ်ကို (ခ) ချစ်စမ်းမောင်က ဝင်ဇော်ဦးကို အိမ်ပြန်ရန် နှိုးရာ မထသောကြောင့် ဒေါသဖြစ်ကာ အနီးနားရှိ ကျောက်ခဲဖြင့် ထုရိုက်ခဲ့ကြောင်းနှင့် ယင်းသို့ ထုရိုက်ရာက သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူ ချစ်ကို (ခ) ချစ်စမ်းမောင်ကို ဖမ်းဆီးခဲ့ပြီး ဇင်းကျိုက်နယ်မြေရဲစခန်းက(ပ) ၄၈/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
















