နယူးဇီလန်၌ အော့ကလန်မှလွဲ၍ တစ်နိုင်ငံလုံး ကူးသန်းသွားလာမှုကန့်သတ်ချက်များ ရုပ်သိမ်း

နယူးဇီလန်၌ အော့ကလန်မှလွဲ၍ တစ်နိုင်ငံလုံး ကူးသန်းသွားလာမှုကန့်သတ်ချက်များ ရုပ်သိမ်း

နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်သည် COVID-19 ဒုတိယလှိုင်း၏ဗဟိုချက်ဖြစ်သည့် အော့ကလန်မြို့မှလွဲ၍ တစ်နိုင်ငံလုံးတွင် COVID-19 ဆိုင်ရာကူးသန်းသွားလာမှုကန့်သတ်ချက်များကို စက်တင်ဘာ ၂၁ ရက်တွင် ရုပ်သိမ်းခဲ့သည်။

အော့ကလန်၌လည်း လူ ၁၀၀ အထိစုဝေးခွင့်ပြုခြင်းအပါအဝင် ဖြေလျှော့မှုတချို့ကို ပြုလုပ်ခဲ့သည်။ သို့သော် နယူးဇီလန်ရှိ အကြီးဆုံးမြို့ဖြစ်သော အော့ကလန်၌ ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ဖြေလျှော့ရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း အာဒန်ကပြောဆိုခဲ့သည်။

တစ်နိုင်ငံလုံး ပူးပေါင်းဆောင်ရွက်မှုကြောင့် ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး အော့ကလန်သည် ကူးစက်မှုဗဟိုချက်ဖြစ်သောကြောင့် သတိထားရဦးမည်ဖြစ်ကြောင်း အာဒန်က အော့ကလန်၌ သတင်းထောက်များကို ပြောဆိုခဲ့သည်။

လူဦးရေ ငါးသန်းရှိသော နယူးဇီလန်၌ ယခုနှစ်အစောပိုင်းတွင် COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့သော်လည်း သြဂုတ်တွင် အော့ကလန်၌ အစုလိုက်အပြုံလိုက်ကူးစက်မှုရှိလာသောကြောင့် မြို့ကို ကူးသန်းသွားလာမှုပိတ်ပင်ခဲ့ရသည်။

နယူးဇီလန်၌ စက်တင်ဘာ ၂၁ ရက်တွင် COVID-19 ကူးစက်သူသစ်မရှိခဲ့ချေ။ နယူးဇီလန်၌ COVID-19 ကူးစက်သူ ၁၄၆၄ ဦးနှင့် သေဆုံးသူ ၂၅ ဦးရှိနေသည်။

ယခုလအကုန်တွင် COVID-19 ကို အပြီးသတ်နှိမ်နင်းနိုင်ခြေသည် ၅၀ ရာခိုင်နှုန်းသာရှိနေသောကြောင့် စည်းမျဉ်းများကို ဆက်လက်လိုက်နာရန် လိုအပ်နေသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏သုံးသပ်ချက်အရသိရသည်ဟု အာဒန်ကပြောဆိုခဲ့သည်။ နယူးဇီလန်၌ အောက်တိုဘာ ၁၇ ရက်တွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသည်။

COVID-19 ကိုအောင်မြင်စွာထိန်းချုပ်နိုင်ခဲ့သောကြောင့် အာဒန်သည် လူကြိုက်များခံနေရသည်။ သို့သော် မဲဆွယ်စည်းရုံးမှုတစ်ခုအတွင်း ကျန်းမာရေးစည်းမျဉ်းများနှင့်အညီ ခပ်ခွာခွာမနေဘဲ ထောက်ခံသူများနှင့်အတူ အုပ်စုဓာတ်ပုံရိုက်ခဲ့မှုကြောင့် အတိုက်အခံ အမျိုးသားရေးပါတီခေါင်းဆောင် ဂျူးဒစ် ကောလင်းစ်က အာဒန်အား စက်တင်ဘာ ၂၁ ရက်တွင် ဝေဖန်ပြောဆိုခဲ့သည်။

အာဒန်ကလည်း အမှားကို ဝန်ခံခဲ့သည်။ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခဲ့ဖို့သင့်ကြောင်း ၎င်းကပြောဆိုခဲ့သည်။