Q Center များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးဝါးများ လုံလောက်အောင် အစိုးရ လုပ်ဆောင်နေဟုဆို

Q Center များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဆေးဝါးများ လုံလောက်အောင် အစိုးရ လုပ်ဆောင်နေဟုဆို

Quarantine Center များ လုံလောက်မှုရှိရန်နှင့် စင်တာများတွင် လိုအပ်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ကျန်းမာရေးဆိုင်ရာပစ္စည်းများ ဆေးဝါးများ လုံလောက်မှုရှိစေရန် အစိုးရအနေဖြင့် လုပ်ဆောင်နေကြောင်း COVID-19 ရောဂါဖြစ်ပွားမှုနောက် ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

"လက်တွေ့ကျကျ ကျွန်မတို့ပြည်သူတွေအတွက် လုပ်နေတာတွေလည်း အများကြီးရှိပါတယ်။ ဒါဟာ အဓိကတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကနေပြီးတော့ ဆေးရုံများလုံလုံလောက်လောက်ရှိအောင်၊ နောက်ပြီးတော့ သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်အစိုးရတွေနဲ့ ပေါင်းပြီးတော့ Quarantine Center တွေ လုံလုံလောက်လောက်ရှိအောင်၊ ဒီ Quarantine Center တွေထဲမှာ စေတနာ့ဝန်ထမ်းတွေရော၊ လိုအပ်တဲ့ တခြားဝန်ထမ်းတွေရော၊ ပစ္စည်းပစ္စယတွေရော လုံလောက်အောင်၊ ဆေးရုံတွေမှာဆိုရင်လည်း ဆေးပစ္စည်းတွေ၊ ဆေးဝါးတွေ အားလုံးလုံလောက်အောင် အဲဒါလုပ်နေပါတယ်။ ဒီဟာအတွက် ဘဏ္ဍာငွေ လုံလောက်အောင်က ကျွန်မတို့ အစိုးရကနေပြီးတော့ စီမံဘဏ္ဍာဘက်က လုပ်ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

COVID-19 ဖြစ်ပွားမှုကာလအလွန်၌လည်း တိုင်းပြည်၏စီးပွားရေး အခက်အခဲများကို ကျော်လွှားနိုင်ရန် အတွက်လည်း စီမံဆောင်ရွက်မှုများရှိနေကြောင်း ဆိုသည်။ ထို့အပြင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အထွေထွေ ပိုလျှံငွေ ဘီလီယံ ၁၀ဝ၀ ကျော်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ရန်ပုံငွေအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

"အခု ဘီလီယံ ၁၀ဝ၀ ကျော်ရွှေ့ပြောင်းလိုက်တယ်ဆိုတာ ကျွန်မတို့ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ အကျိုးဆက်တွေအတွက် ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေအတွက်သုံးဖို့ဖြစ်ပါတယ်။ ဒီလို ကျွန်မပြောပြတာက ပြည်သူလူထုတွေအတွက် ကျွန်မတို့ တတ်နိုင်သမျှ အားလုံးပြင်ဆင်ထားပါတယ်ဆိုတာ သိစေချင်လို့ပါ"ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြည်သူများအနေဖြင့် စိုးရိမ်မှုမလွန်ကဲရန် လိုအပ်သကဲ့သို့ ပေါ့ပေါ့ဆဆမနေရေးအတွက်လည်းဒေါ်အောင်စုကြည်အနေဖြင့် ပြည်သူများသို့ မေတ္တာရပ်ခံပြောဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၌ နေထိုင်ကြသည့် ပြည်သူများ အနေဖြင့် ကိုဗစ်ရောဂါအား ကျော်ဖြတ်ရာတွင် သတ္တိ ရှိရှိ၊ ဇွဲရှိရှိဖြင့် ကျန်းမာရေးဆိုင်ရာ သတိပေးချက်များကို လိုက်နာရမည်ဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။

လက်ရှိအချိန်တွင် COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၌ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုအား အားဖြည့်ပေးရေးအဖွဲ့အား ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း၊ ပါမောက္ခကြီး၊ အငြိမ်းစား ပါမောက္ခကြီးများ၊ အနားယူထားသည့် သမားတော်ကြီးများဖြင့်စုပေါင်းကာ ဖွဲ့စည်းမှုများရှိလာကြောင်းဆိုသည်။ ကိုဗစ်တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေကြသည့် စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ်များကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး