ပါကစ္စတန်အတိုက်အခံအုပ်စု ဝန်ကြီးချုပ်နှင့် စစ်တပ်ကို ရှုတ်ချ

ပါကစ္စတန်အတိုက်အခံအုပ်စု ဝန်ကြီးချုပ်နှင့် စစ်တပ်ကို ရှုတ်ချ

ပါကစ္စတန်အတိုက်အခံပါတီများသည် ညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပြီး ဝန်ကြီးချုပ် အီမရန် ခန်းကို ဆန့်ကျင်ကာ စစ်တပ်ကို နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်သည့်အတွက် ရှုတ်ချမှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။

ပါကစ္စတန်ဒီမိုကရက်တစ်လှုပ်ရှားမှုအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ပါကစ္စတန်အတိုက်အခံပါတီများက စက်တင်ဘာ ၂၁ ရက် အနှောင်းပိုင်းတွင် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

အဖွဲ့သည် နိုင်ငံတစ်ဝန်း ဆန့်ကျင်ဆန္ဒပြမှုများကိုပြုလုပ်မည်ဖြစ်ပြီး ဇန်နဝါရီတွင်လည်း မြို့တော် အစ္စလာမာဘတ်သို့ ချီတက်ရန် စီစဉ်ထားသည်။ ခန်း ဝန်ကြီးချုပ်ဖြစ်လာရေးအတွက် စစ်တပ်သည် ၂၀၁၈ ခုနှစ်ရွေးကောက်ပွဲ၌ မသမာမှုများပြုလုပ်ခဲ့ကြောင်း အတိုက်အခံများက စွပ်စွဲခဲ့သည်။

မသမာမှုများမလုပ်ဆောင်ခဲ့ကြောင်း စစ်တပ်နှင့် အစိုးရတို့က ပြောဆိုခဲ့သည်။ စစ်တပ်သည် ယခုအချိန်မှစ၍ နိုင်ငံရေးတွင် မည်သည့်နည်းနှင့်မျှ ဝင်ရောက်မစွက်သင့်တော့ကြောင်း အတိုက်အခံများ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဝန်ကြီးချုပ်သည် ခန်းသည် စီးပွားရေးမှစ၍ နိုင်ငံခြားရေးမူဝါဒအထိ မျိုးစုံအားနည်းပျော့ညံ့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အီမရန်ခန်းကို အာဏာရစေခဲ့သူ မည်သူကိုမဆို ဆန့်ကျင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်အဖြစ် သုံးကြိမ်တာဝန်ထမ်းဆောင်ခဲ့သည့် နာဝက်ဇ် ရှာရစ်က လန်ဒန်မှ တစ်ဆင့် ဗီဒီယိုလင့်ခ်ဖြင့်ပြောဆိုခဲ့သည်။

ရှာရစ်ဖ်သည် ၎င်း၏ကြွယ်ဝချမ်းသာမှုအကြောင်းအရင်းများကို မရှင်းပြနိုင်သဖြင့် ၂၀၁၇ ခုနှစ်တွင် ရာထူးမှဖယ်ရှားခံခဲ့ရသည်။

အကျင့်ပျက်ခြစားမှုစုံစမ်းစစ်ဆေးမှုများ ရပ်ဆိုင်းသွားရေးအတွက် အတိုက်အခံများသည် အုပ်စုဖွဲ့လုပ်ဆောင်နေခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ရှီဘလီ ဖာရက်ဇ်ကပြောဆိုခဲ့သည်။