အိန္ဒိယလေတပ်သည် ပြင်သစ်ထံမှ ဝယ်ယူထားသည့် Rafale တိုက်လေယာဉ်များကို တရုတ်နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည် နယ်စပ်အနီးတွင် စမ်သပ်ပျံသန်းမှုများကို ပြုလုပ်ခဲ့ကြောင်း အစိုးရအရာရှိတစ်ဦးက စက်တင်ဘာ ၂၁ ရက်တွင် ပြောဆိုခဲ့သည်။
အိန္ဒိယအစိုးရသည် ပြင်သစ်ထံမှ ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ Rafale တိုက်လေယာဉ် ၃၆ စင်းကို ဝယ်ယူမည်ဖြစ်ပြီး ပထမအသုတ် ငါးစင်းကို စက်တင်ဘာ ၁၀ ရက်တွင် စတင်တာဝန်ထမ်းဆောင်စေခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ရက်နက် ဆင်းက ပြောဆိုခဲ့သည်။
ယခုတိုက်လေယာဉ်များသည် အိန္ဒိယ၏ရန်သူများကို သတိပေးလိုက်ခြင်းလည်းဖြစ်ကြောင်း ဆင်းက ပြောဆိုခဲ့သည်။
တိုက်လေယာဉ်များသည် လာဒက်အပါအဝင် စစ်ဆင်ရေးနယ်မြေများတွင် စမ်းသပ်ပျံသန်းခဲ့ကြောင်း လေတပ်မှ အဆင့်မြင့်အရာရှိတစ်ဦးကပြောဆိုခဲ့သည်။
ဇွန်လလယ်တွင် လာဒက်ဒေသ၌ တရုတ်နှင့် အိန္ဒိယစစ်သည်များသည် သေနတ်မပါဝင်သော ထိပ်တိုက်ဆုံမှုများကိုပြုလုပ်ခဲ့ပြီး အကျိုးဆက်အဖြစ် အိန္ဒိယစစ်သည် ၂၀ ကျဆုံးခဲ့သည်။ တရုတ်စစ်တပ်ကလည်း သေဆုံးသူရှိခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း မည်မျှသေဆုံးသည်ကိုမူ ထုတ်ပြန်ခြင်းမပြုခဲ့ချေ။
စက်တင်ဘာအစောပိုင်းတွင်လည်း နှစ်ဖက်တပ်များသည် သေနတ်ပစ်ဖောက်မှုများကိုပြုလုပ်ခဲ့သည်။
ဟိမဝန္တာရှိ ပိုင်ဆိုင်မှုအငြင်းပွားနယ်စပ်တစ်လျှောက် တင်းမာမှုများလျှော့ချရေးအတွက် နှစ်ဖက်တပ်မှ တပ်မှူးများက ဆွေးနွေးမှုများပြုလုပ်နေချိန်တွင် တိုက်လေယာဉ်များကို စမ်းသပ်ပျံသန်းခဲ့ခြင်းဖြစ်သည်။
အိန္ဒိယအစိုးရသည် တရုတ်နှင့် အခြားနိုင်ငံများလောက် စစ်အင်အားမကောင်းမွန်ကြောင်း ဝန်ခံထားပြီး အမာခံစစ်သည် ၁ ဒသမ ၄ ဘီလီယံရှိသော စစ်တပ်အင်အားပိုမိုကောင်းမွန်ရေးအတွက် တိုက်လေယာဉ်များ ဝယ်ယူခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

















