အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာရှိ အကျဉ်းထောင်တစ်ခုတွင် ချုပ်နှောင်ခံခဲ့ရပြီး သေဒဏ်ကျခံရန် စောင့်ဆိုင်းနေသည့် တရုတ်နိုင်ငံသားမူးယစ်မှောင်ခိုသမားတစ်ဦးသည် အကျဉ်းခန်းမှစတင်ကာ လှိုဏ်ခေါင်းတူးပြီး မိလ္လာစနစ်မှတစ်ဆင့် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၁ ရက်တွင် ပြောဆိုခဲ့သည်။
စိတ်ကြွဆေးမှောင်ခိုမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် အသက် ၃၇ နှစ်အရွယ်ဆိုင်ချန်းဖန်သည် တန်ဂျရန်းဒေသ အကျဉ်းထောင်ရှိ မိလ္လာပိုက်မှတစ်ဆင့် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း ဂျကာတာရဲတပ်ဖွဲ့၏ပြောခွင့်ရှိသူ ယူစ်ရီ ယူနွတ်က ပြောဆိုခဲ့သည်။
ဆိုင်သည် စက်တင်ဘာ ၁၄ ရက်တွင် လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး အကျဉ်းထောင်မီးဖိုဆောင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှ ကိရိယာများကို အသုံးပြုကာ ငါးလမှ ခြောက်လခန့် လှိုဏ်ခေါင်းဖောက်ခဲ့ခြင်းဖြစ်ကြောင်း အခြားအကျဉ်းသားများကပြောဆိုခဲ့သည်။
အကျဉ်းထောင်စောင့်လဲသည့် အချိန်ကိုစောင့်ဆိုင်းပြီး ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးဌာန၏ပြောခွင့်ရှိသူ ရီကာ အပရီယံတီကပြောဆိုခဲ့သည်။
ဆိုင်သည် စိတ်ကြွဆေး ၁၃၅ ကီလိုဂရမ်မှောင်ခိုကူးမှုဖြင့် ၂၀၁၇ ခုနှစ်တွင် သေဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ ကြက်ခြံသန့်ရှင်းရေးပစ္စည်းများထဲတွင်လည်း နောက်ထပ် စိတ်ကြွဆေး ၇၀ ကီလိုဂရမ်ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။
၂၀၁၇ ခုနှစ်တွင်လည်း ဆိုင်သည် ဂျကာတာရဲအချုပ်ခန်းရှိ ရေချိုးခန်းတွင် အပေါက်ဖောက်ကာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။
ဆိုင်ကို ဖမ်းမိရေးအတွက် ရဲတပ်ဖွဲ့သည် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းအားလုံးကို တပ်လှန့်ထားသည်။

















