မက္ကဆီကိုနိုင်ငံ၌ စက်တင်ဘာ ၂၁ ရက်အထိ COVID-19 ကူးစက်သူ ၇၀၀၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မက္ကဆီကိုနိုင်ငံ၌ စက်တင်ဘာ ၂၁ ရက်တွင် COVID-19 ကူးစက်သူသစ် ၂၉၁၇ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၇၀၀၅၈၀ ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မက္ကဆီကို၌ COVID-19 ဖြင့်သေဆုံးသူ ၇၃၆၉၇ ဦးရှိနေပြီဖြစ်သည်။လက်တင်အမေရိကဒေသ၌ COVID-19 ကူးစက်သူ ၈ ဒသမ ၇ သန်းခန့်နှင့် သေဆုံးသူ ၃၂၂၀၀၀ ရှိနေပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏စာရင်းအင်းများအရသိရသည်။
ဘရာဇီးသည် လက်တင်အမေရိက၌ COVID-19 ဒဏ်အခံရဆုံးနိုင်ငံဖြစ်ပြီး ပီရူး၊ ကိုလံဘီယာနှင့် မက္ကဆီကိုတို့သည်လည်း ဒေသတွင်းအခြားနိုင်ငံများထက် COVID-19 ဒဏ်ကို ပိုခံနေရသည်။
လက်တင်အမေရိကဒေသတွင်း နှာခေါင်းစည်းတပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်း အစရှိသည့် ကျန်းမာရေးစည်းမျဉ်းများကို လိုက်နာရန် ဖိအားပေးမှုများရှိနေသော်လည်း ဆင်းရဲမွဲတေသူများပြားခြင်း၊ တစ်ရက်လုပ်မှ တစ်ရက်စားရသူများပြားခြင်း၊ အိမ်အပြင်မထွက်ပါက ငတ်ပြတ်သွားနိုင်ခြေရှိသူများနေခြင်းတို့ကြောင့် ကျန်းမာရေးစည်းမျဉ်းများသက်ရောက်ရေး ခက်ခဲနေသည်။
မက္ကဆီကိုရှိ COVID-19 ကူးစက်သူဦးရေသည် အစိုးရက ထုတ်ပြန်သည့် ဦးရေထက် အဆမတန်ပိုမိုများပြားနိုင်ကြောင်း ဒုတိယကျန်းမာရေးဝန်ကြီး ဟူးဂိုး လိုပက်ဇ်-ဂါတယ်က ဝန်ခံခဲ့သည်။
သို့သော် မက္ကဆီကို၌ မကြာသေးမီလများအတွင်း ကူးစက်မှုနှုန်းနှေးကွေးလာပြီဖြစ်ကြောင်း လိုပက်ဇ်-ဂါတယ်က ပြောဆိုခဲ့သည်။
မက္ကဆီကို၌ COVID-19 ကူးစက်မှုစတင်ချိန်တွင် သမ္မတ မယ်နူယယ် လိုပက်ဇ် အော်ဘရာဒေါသည် ကျန်းမာရေးအကျပ်အတည်းကို အလေးအနက်မထားခဲ့ဘဲ အခြားနိုင်ငံများက ကူးသန်းသွားလာမှုပိတ်ပင်ချိန်တွင် နိုင်ငံတွင်းရှိ မိသားစုများ စားသောက်ဆိုင်များသို့သွားရောက်ရန် တိုက်တွန်းမှုများကို ပြုလုပ်ခဲ့သည့်အတွက် ဝေဖန်ပြစ်တင်ခံနေရသည်။
လိုပက်ဇ်အော်ဘရာဒေါသည် အများပြည်သူဆိုင်ရာနေရာများသို့သွားရောက်ရာတွင်လည်း နှာခေါင်းစည်းတပ်ခြင်းမပြုခဲ့ချေ။

















