သြစတြေးလျနိုင်ငံ တက်စ်မေးနီးယားကျွန်း၌ ဝေလငါး အကောင် ၄၇၀ ခန့် သောင်တင်နေပြီး ကယ်ဆယ်နိုင်ရေးအတွက် အပြင်းအထန်ကြိုးပမ်းနေရကြောင်း သြစတြေးလျရှာဖွေကယ်ဆယ်ရေးသမားများက စက်တင်ဘာ ၂၃ ရက်တွင် ပြောဆိုခဲ့သည်။
သြစတြေးလျတောင်ပိုင်းရှိ တက်စ်မေးနီးယားကျွန်း အနောက်ဘက်ကမ်းရိုးတန်းတွင် သောင်တင်နေသည့် ဝေလငါးများကို ကယ်တင်ရန် ကြိုးပမ်းမှုသည် စက်တင်ဘာ ၂၃ ရက်တွင် သုံးရက်မြောက်ခဲ့ပြီဖြစ်သည်။
မက်ကွာရဲဆိပ်ကမ်းတစ်ဝိုက် လေကြောင်းမှတစ်ဆင့် ရှာဖွေမှုများအရ နောက်ထပ်သောင်တင်သည့် ဝေလငါးများစွာကိုတွေ့ရှိခဲ့ပြီး အများစုသည် သေဆုံးခဲ့ပြီဟု ယူဆရကြောင်း ရှာဖွေကယ်ဆယ်ရေးသမားများကပြောဆိုခဲ့သည်။
ရှာဖွေကယ်ဆယ်ရန်ပင် မဖြစ်နိုင်တော့သည့် အနေအထားကို ရောက်ရှိနေပြီဖြစ်ကြောင်း တက်စ်မေးနီးယားဥယျာဉ်နှင့် တောရိုင်းတိရစ္ဆာန်ဌာန၏ဒေသဆိုင်ရာမန်နေဂျာ နစ် ဒဲကာကပြောဆိုခဲ့သည်။ယခုသောင်တင်မှုသည် သြစတြေးလျနိုင်ငံ၏ခေတ်သစ်သမိုင်းတစ်လျှောက် ဝေလငါးအများဆုံးသောင်တင်မှုဖြစ်ပြီး အကြောင်းအရင်းကိုမသိရသေးကြောင်း သိပ္ပံပညာရှင်များကပြောဆိုခဲ့သည်။
၁၉၉၆ ခုနှစ်တွင် အနောက်သြစတြေးလျကမ်းရိုးတန်းသို့ ပိုင်းလော့ဝေလငါး အကောင် ၃၂၀ သောင်တင်ခဲ့သည်။
နယူးဇီလန်၌ ၂၀၁၇ ခုနှစ်တွင် ဝေလငါး ၆၀၀ ခန့်သောင်တင်ခဲ့သည်။
ပိုင်းလော့ဝေလငါးများသည် သမုဒ္ဒရာလင်းပိုင်မျိုးစိတ်တစ်မျိုးဖြစ်ပြီး အရှည် ၇ မီတာနှင့် အလေးချိန် သုံးတန်အထိ ရှိနိုင်သည်။
တက်စ်မေးနီးယား၌ ကျန်ရှိသော ဝေလငါး ၂၇၀ အနက် အကောင် ၉၀ သေဆုံးခဲ့ပြီး ကယ်ဆယ်ရေးသမားများသည် ၂၅ ကောင်ခန့်ကို ပြန်လွှတ်ပေးခဲ့ပြီးဖြစ်သည်။

















