ပိုင်ဆိုင်မှုအငြင်းပွားနယ်စပ်သို့ နောက်ထပ်တပ်များမစေလွှတ်ရန် တရုတ်နှင့် အိန္ဒိယ သဘောတူညီ

ပိုင်ဆိုင်မှုအငြင်းပွားနယ်စပ်သို့ နောက်ထပ်တပ်များမစေလွှတ်ရန် တရုတ်နှင့် အိန္ဒိယ သဘောတူညီ

ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ဟိမဝန္တာနယ်စပ်ဒေသသို့ နောက်ထပ်တပ်ဖွဲ့ဝင်များ စေလွှတ်မှုမပြုရန် အိန္ဒိယနှင့် တရုတ်ရှိ စစ်ဘက်ဆိုင်ရာထိပ်တန်းအရာရှိများကြား သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အိန္ဒိယစစ်တပ်က စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဇွန် ၁၅ ရက်တွင် တောင်တန်းထူထပ်သော လာဒက်ဒေသ၌ နှစ်ဖက်တပ်များကြား သေနတ်ပါဝင်ခြင်းမရှိသည့် ထိပ်တိုက်ဆုံမှုများရှိခဲ့ရာ တိုက်ခိုက်မှုများအတွင်း အိန္ဒိယစစ်သည် ၂၀ ကျဆုံးခဲ့သည်။ တရုတ်ဘက်မှလည်း ကျဆုံးသူများရှိခဲ့သော်လည်း ထုတ်ပြန်ခြင်းမပြုခဲ့ချေ။

ဇွန်လဖြစ်ရပ်ဖြစ်ပွားပြီးနောက် နှစ်ဖက်တပ်မှ တပ်မှူးများသည် ဆွေးနွေးမှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ ဇွန် ၂၁ ရက်တွင် နောက်ဆုံးဆွေးနွေးမှုကို ပြုလုပ်ခဲ့သော်လည်း တိုးတက်မှုကြီးကြီးမားမားမရှိသေးချေ။

ရှေ့တန်းစစ်မြေပြင်သို့ နောက်ထပ်တပ်သားများစေလွှတ်မှုကို ရပ်ဆိုင်းပြီး မြေပြင်အခြေအနေပြောင်းလဲသွားစေရန် တစ်ဖက်တည်းသဘောဖြင့်လုပ်ဆောင်မှုကို ရှောင်ရှားကာ အခြေအနေများပိုမိုရှုပ်ထွေးသွားနိုင်သည့် မည်သည့်အပြုအမူကိုမဆိုရှောင်ရှားမည်ဖြစ်ကြောင်း အိန္ဒိယစစ်တပ်က ထုတ်ပြန်ခဲ့သည်။

နားလည်မှုလွဲခြင်း၊ တွက်ချက်မှုလွဲခြင်းတို့ကို ရှောင်ရှားရန်နှင့် လာမည့်ဆွေးနွေးပွဲကို အမြန်ဆုံးပြုလုပ်ရန် နှစ်ဖက်တပ်များ သဘောတူညီခဲ့သည်။ ဆွေးနွေးမှုများပြုလုပ်နေသော်လည်း စက်တင်ဘာအစောပိုင်းတွင် ထိပ်တိုက်ဆုံမှုတစ်ခုရှိခဲ့ပြီး နယ်စပ်တစ်လျှောက် ၄၅ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် သေနတ်ပစ်ဖောက်မှုများရှိခဲ့သည်။

ဇွန်လတိုက်ခိုက်မှုပြီးနောက်တွင် နှစ်ဖက်တပ်များသည် နယ်စပ်သို့ နောက်ထပ်စစ်သည်ထောင်ပေါင်းများစွာကို စေလွှတ်ခဲ့သည်။ အိန္ဒိယနှင့် တရုတ်တို့သည် ၁၉၆၂ ခုနှစ်တွင် နယ်စပ်အရေးနှင့်ပတ်သက်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။