ပထဝီနိုင်ငံရေးအရ ယှဉ်ပြိုင်မှုပိုမိုကြီးထွားလာပါက ကမ္ဘာကြီးတည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးပျက်ဆီးသွားလိမ့်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတဂျိုကို ဝီဒိုဒိုက ကုလသမဂ္ဂအထွေထွေညီလာခံ၌ စက်တင်ဘာ ၂၃ ရက်တွင် သတိပေးပြောဆိုခဲ့သည်။
စစ်ကြောင့် မည်သူမျှ အကျိုးရှိမည်မဟုတ်ဘဲ အပျက်အစီးများကြားတွင် အောင်ပွဲခံစရာရှိကြောင်း၊ ပျက်စီးယိုယွင်းနေသည့် ကမ္ဘာတွင် စီးပွားရေးအရ အင်အားအကြီးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာစရာမရှိကြောင်း ဝီဒိုဒိုက အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သော ညီလာခံတွင် ပြောဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စုနှင့် တရုတ်တို့ကြား တောင်တရုတ်ပင်လယ်တွင်းအပါအဝင် ကဏ္ဍမျိုးစုံတို့၌ တင်းမာမှုများရှိနေချိန်တွင် ဝီဒိုဒိုက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
တရုတ်သည် တောင်တရုတ်ပင်လယ်တွင်း ရေပိုင်နက်နယ်မြေအတော်များများကို ၎င်းတို့ပိုင်အဖြစ်သတ်မှတ်ထားသော်လည်း ယင်းကို အမေရိကန်ပြည်ထောင်စုနှင့် အင်ဒိုနီးရှားအပါအဝင် အရှေ့တောင်အာရှနိုင်ငံများစွာတို့က ဆန့်ကျင်ထားသည်။
ယခုလအစောပိုင်းတွင် တောင်တရုတ်ပင်လယ်တွင်း အင်ဒိုနီးရှားက ၎င်းတို့ိပိုင်အဖြစ်ပြောဆိုထားသည့် ပိုင်နက်သို့ တရုတ်ကမ်းခြေစောင့်တပ်မှ သင်္ဘောတစ်စင်းဝင်ရောက်မှုကြောင့် အင်ဒိုနီးရှားအစိုးရသည် သံတမန်ရေးအရ ကန့်ကွက်ခဲ့ရပြီးဖြစ်သည်။
အခြားနိုင်ငံများ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ဆိုင်ရာ ဂုဏ်သိက္ခာကိုလေးစားခြင်းအပါအဝင် ကုလသမဂ္ဂချာတာစတမ်းနှင့် နိုင်ငံတကာဥပဒေများကို လျစ်လျူရှုမှုများရှိနေကြောင်း ဂျိုကိုဝီဟုလည်းသိကြသည့် ဝီဒိုဒိုက ကုလ၌ ပြောဆိုခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်သည် တစ်ကမ္ဘာလုံးညီညွတ်ရန်အတွက် အချိန်အခါကောင်းကို ဖန်တီးပေးနေကြောင်း ဂျိုကိုဝီကပြောဆိုခဲ့သည်။
အင်ဒိုနီးရှားသည် အင်အားကြီးနိုင်ငံများကြား ဆက်ဆံရေးအဆင်ပြေစေရေးအတွက် တံတားထိုးပေးသည့်နိုင်ငံဖြစ်လိုပြီး ကမ္ဘာလုံးဆိုင်ရာ တန်းတူညီမျှမှုရှိရေးအတွက်လည်း လှုပ်ရှားဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

















