ပါရီရာသီဥတုသဘောတူညီမှု လျာထားချက်ပြည့်မီအောင် ကြိုးပမ်းမည်ဖြစ်ကြောင်း ရှီကျင့်ဖျင် ကတိပြု

ပါရီရာသီဥတုသဘောတူညီမှု လျာထားချက်ပြည့်မီအောင် ကြိုးပမ်းမည်ဖြစ်ကြောင်း ရှီကျင့်ဖျင် ကတိပြု

တရုတ်နိုင်ငံသည် ပါရီရာသီဥတုသဘောတူညီမှုလျာထားချက်များကို ပြည့်မီအောင်လုပ်ဆောင်မည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်တော်လှန်ရေးအတွက် ကြိုးပမ်းအားထုတ်သင့်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က စက်တင်ဘာ ၂၂ ရက်တွင် ပြောဆိုခဲ့သည်။

တရုတ်သည် ကာဘွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို ၂၀၆၀ ပြည့်နှစ်မတိုင်မီတွင် အနည်းဆုံးအထိရှိအောင် ကြိုးပမ်းမည်ဖြစ်ကြောင်း ရှီက ကုလသမဂ္ဂအထွေထွေညီလာခံ၌ ပြောဆိုခဲ့သည်။

ကမ္ဘာပေါ်တွင် ကာဘွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုအများဆုံးနိုင်ငံဖြစ်သည့် တရုတ်က ပထမဆုံးအကြိမ်အဖြစ် အထက်ပါတိုင်းကတိပြုခဲ့ခြင်းဖြစ်သည်။

လက်မှတ်ထိုးထားသည့် နိုင်ငံနှင့်ဒေသ ၂၀၀ ခန့်ရှိသည့် ပါရီရာသီဥတုသဘောတူစာချုပ်သည် တစ်ဖက်သတ်ဆန်ပြီး တရုတ်သည်သာ ကမ္ဘာပေါ်တွင် ကာဘွန်ထုတ်လွှတ်မှုအများဆုံးဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဝေဖန်ပြောဆိုခဲ့ပြီးဖြစ်သည်။

တရုတ်သမ္မတ၏ထုတ်ပြန်ချက်သည် အားတက်စရာကောင်းကြောင်း ဘားရက်အိုဘားမားလက်ထက်တွင် အမေရိကန်ပြည်ထောင်စု၏ ရာသီဥတုအရေးဆိုင်ရာသံတမန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် တရုတ်နှင့် ရာသီဥတုအရေး နှစ်နိုင်ငံသဘောတူစာချုပ်ချုပ်ဆိုနိုင်ရန် ကြားဝင်စေ့စပ်ပေးခဲ့သည့် တော့ဒ် စတန်းကပြောဆိုခဲ့သည်။

ယခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုနှင့် တရုတ်တို့သည် ဆိုးရွားသော ရာသီဥတုအခြေအနေများနှင့် ကြုံတွေ့ခဲ့ရသည်။

တရုတ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုများရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စုသည်လည်း နိုင်ငံအနောက်ပိုင်း ပြည်နယ်များ၌ တောမီးလောင်ကျွမ်းမှုနှင့် အပြင်းထန်ဆုံး ဟာရီကိန်းမုန်တိုင်းများဝင်ရောက်မှုနှင့်ကြုံတွေ့နေရသည်။

ထရမ့်က ရာသီဥတုပြောင်းလဲမှုဆိုသည်မှာ လိမ်လည်ပြောဆိုနေမှုသာဖြစ်ပြီး ပါရီသဘောတူညီမှုမှ ၂၀၁၇ ခုနှစ်တွင် နုတ်ထွက်ခဲ့သည်။