swab နမူနာမယူရသေးမီ ဟိုတယ်မှထွက်ပြေးသော သင်္ဘောသားနှစ်ဦး ပြန်ဖမ်းမိ

swab နမူနာမယူရသေးမီ ဟိုတယ်မှထွက်ပြေးသော သင်္ဘောသားနှစ်ဦး ပြန်ဖမ်းမိ

ကော့သောင်းမြို့တွင် Swab နမူနာမယူရသေးမီဟိုတယ်မှခိုးထွက်သွားသော သင်္ဘောသားနှစ်ဦး ပြန်လည်ဖမ်းမိကာ ဆက်လက်အရေးယူထားကြောင်း စက်တင်ဘာလ ၂၃ ရက်နေ့တွင် သက်ဆိုင်ရာမှသိရသည်။

စက်တင်ဘာ၂၂ ရက်မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်တွင်အိန္ဒိယနိုင်ငံမှလာရောက်ပြီးကော့သောင်းရေပြင်ပိုင်နက်ဇာဒက်ကြီးကျွန်းအနီးကျောက်ချရပ်နားနေသည့်  MV ASIA PEARL (VII) သင်္ဘောသည် ညနေ ၅ နာရီ ၁၅ မိနစ်အချိန်တွင်ကော့သောင်းမြို့မ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။

၎င်းသင်္ဘောတွင်လိုက်ပါလာသူ သင်္ဘောသားများကို Victoria Cliff Hotel တွင် Hotel Quarantine ဝင်ရန် အတွက် စီစဉ်ဆောင်ရွက်ခဲ့သည်။ထိုသို့ဆောင်ရွက်နေစဉ် ၎င်းသင်္ဘောတွင်လိုက်ပါလာသူ သင်္ဘောသားများထဲမှ မရမ်းကုန်းမြို့နယ်နေ ကိုဇော်မြင့်မိုး ၃၁ နှစ် နှင့် နှင့် ဒဂုံမြို့သစ်မြောက် ပိုင်းနေ ကိုဟန်မြတ်ထွန်း ၃၆ နှစ်တို့မှာ Swab နမူနာမယူရသေးမီဟိုတယ်မှခိုးထွက်သွားကြောင်းသိရှိခဲ့ရသည်။

အဆိုပါကိစ္စကို သက်ဆိုင်ရာက စုံစမ်းနေစဉ် လမ်းပေါ်ရှိ ဆိုင်ကယ် များကို လူ ၂ ဦးက အတင်းလိုက်လံပိတ်ဆို့တားဆီးနေကြောင်းဆိုင်ကယ်ကယ်ရီသမားတစ်ဦးက (၃)မိုင် ၊သီရိမြိုင်အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားခဲ့သည်။

သက်ဆိုင်ရာက ၎င်းတို့ကို ရှာဖွေစုံစမ်းနေစဉ် မြို့အဝင် ကြိုဆိုပါ၏ဆိုင်းဘုတ်ဘက်မှ အရှိန်ပြင်းစွာမောင်းနှင်လာသော လူသုံးယောက်ပါဆိုင်ကယ်တစီးအား တားဆီးရာရပ်မပေးသဖြင့်နောက်မှလိုက်၍ အတင်းပိတ်ဆို့ဖမ်းဆီးခဲ့ရသည်။ဆိုင်ကယ်ကယ်ရီမောင်းသူမှာ ပုလုံးတုံတုံးကျေးရွာနေ ကိုပြုံးချို ဖြစ်ပြီး အဆိုပါလူနှစ်ယောက်ကဆိုင်ကယ်ကို မရပ်ခိုင်းပဲ အတင်းမောင်းနှင်ခိုင်းသဖြင့် ကြောက်လန့်ကာ မောင်းနှင်ပို့ဆောင်ရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

Swab နမူနာမယူရသေးမီဟိုတယ်မှခိုးထွက်သွားသော ၎င်းသင်္ဘောသားနှစ်ဦးကို သက်ဆိုင်ရာ ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာက ဆက်လက် စစ်ဆေးကာ အရေးယူထားသည်။