အမေရိကန်ပြည်ထောင်စု၌ စက်တင်ဘာ ၂၂ ရက်အထိ COVID-19 ဖြင့်သေဆုံးသူ ၂၀၀,၀၀၀ ကျော်သွားပြီဖြစ်ကြောင်း ဂျွန်ဟော့စ်ကင်းတက္ကသိုလ်၏ထုတ်ပြန်ချက်အရသိရသည်။
အမေရိကန်ပြည်ထောင်စု၌ COVID-19 ကူးစက်သူ ၆ ဒသမ ၈၆ သန်းနှင့် သေဆုံးသူ ၂၀၀,၁၈၂ ဦးရှိနေပြီဖြစ်ကြောင်း တက္ကသိုလ်၏စာရင်းအင်းများအရသိရသည်။
အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာပေါ်တွင် COVID-19 ဖြင့်သေဆုံးသူအများဆုံးရှိနေသည်။ COVID-19 ကူးစက်သူဦးရေတွင် အမေရိကန်ပြည်ထောင်စုပြီးနောက် အများဆုံးရှိနေသည့် အိန္ဒိယနှင့် ဘရာဇီးတို့တွင်လည်း သေဆုံးသူ ၈၈,၉၃၅ ဦးနှင့် ၁၃၇,၂၇၁ ဦး အသီးသီးရှိနေသည်။
အမေရိကန်ပြည်ထောင်စုရှိ COVID-19 ဖြင့်သေဆုံးသူဦးရေသည် ကမ္ဘာတစ်ဝန်းစုစုပေါင်းသေဆုံးသူဦး၏ ၂၀ ရာခိုင်နှုန်းရှိနေသည်။ သမ္မတဒေါ်နယ်ထရမ့်အစိုးရ၏ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့် ကူးစက်သူနှင့်သေဆုံးသူ အဆမတန်များပြားနေခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများရှိနေသည်။
လွန်ခဲ့သောခြောက်လအတွင်း ထရမ့်၏ လိမ်ညာမှုနှင့် အရည်အချင်းမရှိမှုများကြောင့် အမေရိကန်သမိုင်းတစ်လျှောက် သေဆုံးသူအများဆုံးဖြစ်ရပ်ဖြစ်လာခဲ့ကြောင်း ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ဂျိုးဘိုင်ဒင်ကပြောဆိုခဲ့သည်။
ထရမ့်၏ သတင်းမှားဖြန့်ချိမှုနှင့် တာဝန်ပျက်ကွက်မှုများကြောင့် ကူးစက်သူနှင့် သေဆုံးသူဦးရေတိုးလာခြင်းဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလော်စီကပြောဆိုခဲ့သည်။
ထရမ့်ကလည်း ၎င်းအနေဖြင့် ကြိုတင်ပြင်ဆင်မှုများစွာပြုလုပ်ခဲ့ပြီး မကြာမီတွင် COVID-19 ကာကွယ်ဆေးရရှိတော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ကာကွယ်ဆေးကိုဖြန့်ချိမည်ဖြစ်ပြီး ကူးစက်ရောဂါကို အဆုံးသတ်ကာ ရှေးကမရှိခဲ့သည့် ကြွယ်ဝချမ်းသာမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်းရေးကာလကိုရောက်ရှိတော့မည်ဖြစ်ကြောင်း ထရမ့်က ကုလသမဂ္ဂအထွေထွေညီလာခံ၌ စက်တင်ဘာ ၂၂ ရက်တွင် ပြောဆိုခဲ့သည်။

















