ဗြိတိန်၌ အသစ်ချမှတ်လိုက်သည့် စည်းမျဉ်းများ ခြောက်လခန့်သက်ရောက်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ပြောဆို

ဗြိတိန်၌ အသစ်ချမှတ်လိုက်သည့် စည်းမျဉ်းများ ခြောက်လခန့်သက်ရောက်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ပြောဆို

ဗြိတိန်နိုင်ငံသားများအနေဖြင့် တတ်နိုင်လျှင် နေအိမ်မှသာ အလုပ်လုပ်ရမည်ဖြစ်ပြီး စားသောက်ဆိုင်များနှင့်ဘားဆိုင်များကို စောစောပိတ်သိမ်းရမည်ဖြစ်ကာ ယခုချမှတ်လိုက်သည့် ကူးသန်းသွားလာမှုကန့်သတ်ချက်များသည် ခြောက်လခန့်သက်ရောက်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က စက်တင်ဘာ ၂၂ ရက်တွင် ပြောဆိုခဲ့သည်။

ဘောရစ် ဂျွန်ဆင်သည် မတ်တွင် ချမှတ်ခဲ့သည့် ကူးသန်းသွားလာမှုပိတ်ပင်ချက်မျိုးကို မချမှတ်ခဲ့သော်လည်း ကူးစက်သူဦးရေ မြင့်တက်လာမည်ဆိုပါက တင်းကျပ်သော စည်းမျဉ်းများကို ချမှတ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မကြာသေးမီရက်သတ္တပတ်များတွင် ဂျွန်ဆင်သည် ဝန်ထမ်းများ အလုပ်ပြန်ဆင်းရန် တိုက်တွန်းခဲ့သော်လည်း ယခုအချိန်တွင်မူ နေအိမ်မှသာ အလုပ်လုပ်ရန် ပြောင်းလဲတိုက်တွန်းနေရသည်။

စက်တင်ဘာ ၂၄ ရက်မှစ၍ အင်္ဂလန်ရှိ စားသောက်ဆိုင်များ၊ ဘားဆိုင်များနှင့် အခြားဝန်ဆောင်မှုပါသည့် လုပ်ငန်းများ ည ၁၀ နာရီမထိုးမီတွင် ပိတ်သိမ်းရမည်ဖြစ်ကြောင်း ဂျွန်ဆင်က ညွှန်ကြားခဲ့သည်။

ယခုအချိန်တွင် စည်းမျဉ်းလိုက်နာမှသာ စီးပွားရေးပြန်လည်ဦးမော့လာပြီး ကျောင်းများနှင့် ဈေးဆိုင်များကို ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ဂျွန်ဆင်ကပြောဆိုခဲ့သည်။ အိမ်အပြင်ထွက်ပါက နှာခေါင်းစည်းမတပ်မနေရတပ်ရမည်ဖြစ်ပြီး စည်းမျဉ်းများကို လိုက်နာလာရေး ဖိအားပေးမည်ဖြစ်ကာ ရဲတပ်ဖွဲ့ဝင်များ ဝန်မပိစေရန်အတွက် စစ်တပ်ကို အကူအညီတောင်းမည်ဖြစ်ကြောင်း ဂျွန်ဆင်ကပြောဆိုခဲ့သည်။

စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို ဆက်လက်ဖွင့်လှစ်ထားမည်ဖြစ်သည်။ ဗြိတိန်နိုင်ငံသား အရွယ်ရောက်ပြီးသူ ၃၄၃၆ ဦးကိုစစ်တမ်းကောက်ယူခဲ့ရာ ၇၈ ရာခိုင်နှုန်းက စည်းမျဉ်းသစ်များကို ထောက်ခံပြီး ၄၅ ရာခိုင်နှုန်းက နောက်ထပ်ပင်တင်းကျပ်သင့်ကြောင်း ပြောဆိုခဲ့ကာ ၃၂ ရာခိုင်နှုန်း ဂျွန်ဆင်၏လုပ်ရပ်မှန်ကန်ကြောင်း ပြောဆိုခဲ့သည်ဟု YouGov စစ်တမ်းအရသိရသည်။

စည်းမျဉ်းချိုးဖောက်သည့် စီးပွားရေးလုပ်ငန်းများသည် ပေါင် ၁၀၀၀၀ အထိ ဒဏ်ငွေရိုက်ခံရခြင်းသို့မဟုတ် ပိတ်သိမ်းခံရခြင်းတို့ရှိလာမည်ဖြစ်သည်။ လိုအပ်သည့်အချိန်တွင် နှာခေါင်းစည်းမတပ်သူတစ်ဦးသည် ဒဏ်ငွေ ပေါင် ၂၀၀ ပေးဆောင်ရမည်ဖြစ်သည်။

စည်းမျဉ်းချိုးဖောက်သူအနည်းငယ်ကြောင့် ဥပဒေလိုက်သည့် နိုင်ငံသားအများစု စိတ်ပျက်နေရကြောင်း ဂျွန်ဆင်ကပြောဆိုခဲ့သည်။