နေပြည်တော် လယ်ဝေးမြို့တွင် ကေဘယ်ကြိုးခွေများဆိုင်ကယ်ဖြင့်သယ်ယူလာသူကို မသင်္ကာဖွယ်တွေ့ ရသဖြင့် လှည့်ကင်းအဖွဲ့က ဖမ်းဆီး အရေးယူထားကြောင်း စက်တင်ဘာ ၂၃ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းအချိန်တွင် လယ်ဝေးမြို့နယ်၊ သာဝတ္ထိ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်နေစဉ် တောင်စဉ်အေးကျေးရွာ လမ်းဆုံအရောက်၌ ဇော်ဌေး(ခ)ကော့သောင်း (၃၁)နှစ် နှင့် ကိုထက်(ခ) ထက်ဝေအောင် (၂၄)နှစ် တို့နှစ်ဦးသည် ဆိုင်ကယ်(၂)စီးဖြင့် လျှပ်စစ်ကေဘယ်ကြိုးများကိုခွေ၍ တင်ဆောင် မောင်းနှင်လာသည်ကို တွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေး ခဲ့သည်။
၎င်းတို့ သယ်ဆောင်လာသည့် ကေဘယ်ကြိုး(၁)ချောင်းလျှင် လုံးပတ်(၉၅) မီလီမီတာစကွဲယား အရှည်(၃၁)ပေခန့်ရှိ ကြေးကြိုးများ ပါရှိသည့် မလေးရှားနိုင်ငံထုတ် ကေဘယ်ကြိုး(၈)ချောင်း၊ စုစုပေါင်း(၂၄၈)ပေ၊ နှင့်ပတ်သက်၍ မေးမြန်းရာ ပိုင်ဆိုင်မှု အထောက်အထား တစ်စုံတစ်ရာပြောဆိုပြသနိုင်ခြင်း မရှိသဖြင့်၎င်းတို့နှစ်ဦးကို လယ်ဝေးမြို့နယ်၊ သာဝတ္ထိနယ်မြေ ရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/၅၄ ဖြင့် အမှုဖွင့်အရေးယူထားပြီးစစ်ဆေးလျက်ရှိသည်။

















