ရန်ကုန် ဆေးရုံကြီး၊ ကိုဗစ်ထိန်းချုပ် ကုသရေး အဆောင်၏ Slide Door မှန်တံခါးအား လူနာတစ်ဦးက အောက်ဆီဂျင်အိုးဖြင့် ရိုက်ခွဲမှု စက်တင်ဘာ ၂၄ ရက်နေ့ ယနေ့ နံနက် ၅ နာရီ တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလူနာမှာ မင်္ဂလာတောင်ညွန့်မြို့ နယ် ဖ.ဆ.ပ.လရပ်ကွက် မြဝတီတိုက်တန်းနေ အောင်မြင့်မြတ်ဆိုသူဖြစ်ပြီး ၎င်းအား တပ်ဆင်ပေးထားသည့် (၂)ပေအရှည်ရှိ အောက်ဆီဂျင်အိုးဖြင့် အလူမီနီယံ မှန်တံခါးကို ရိုက်ချိုးခဲ့ခြင်းဖြစ်သည်။
လူမှုကွန်ရက်ပေါ်တွင် အဆိုပါလူနာမှာ စိတ်ကျန်းမာရေးမကောင်းသူဟု ဖော်ပြမှုများလည်းရှိနေသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ " ရန်ကုန်ဆေးရုံကြီးက သာမန်လူနာတွေ လာပြတဲ့ဆေးရုံကြီးသာဖြစ်ပါတယ်။ စိတ်ကျန်းမာရေးမကောင်းတဲ့သူတွေ ပြတဲ့ဆေးရုံ မဟုတ်ပါဘူး" ဟု လသာမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က ပြောသည်။
ပြစ်မှုကျူးလွန်သူကို ဆေးရုံလုံခြုံရေးအဖွဲ့က ထိန်းသိမ်းခဲ့ရသည်။
၎င်းမှာ စက်တင်ဘာ ၂၂ ရက်နေ့တွင် နေမကောင်းဖြစ်ကာ ရန်ကုန်ဆေးရုံကြီးဖျား နာကုသဆောင်သို့ လာရောက်ပြသခဲ့သူဖြစ်ပြီး စက်တင်ဘာလ ၂၃ ရက်နေ့တွင် တို့ဖတ်နမူနာရယူခဲ့ပြီးဖြစ်သည်။ အဆိုပါဖျက်ဆီးခံရသည့် ဆေးရုံအဝင်အထွက်တံခါးကို ပလတ်စတစ်ဖြင့် ယာယီ ကာရံခဲ့ရကြောင်းသိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်ဆေးရုံကြီး စီမံဌာနသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုပေးရန် အခွင့်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
" ရန်ကုန်ပြည်သူ့ ဆေးရုံကြီးဆိုတာ အများပြည်သူပိုင်တဲ့ အဆောက်အဦပဲ၊ ဒါကိုထိန်းသိမ်းရမယ့် တာဝန်ရှိတယ်။ ဒါကိုဖျက်ဆီးခဲ့ ရင် မည်သူ့ကိုမဆို အကျိုးဖျက်ဆီးမှုနဲ့ တရားဥပဒေအရ အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်"ဟု လသာမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က ပြောသည်။

















