မြောက်ကိုရီးယားရေပိုင်နက်တွင်း ဝင်ရောက်သည့် တောင်ကိုရီးယားသားကို မြောက်ကိုရီးယားစစ်တပ် ပစ်သတ်

မြောက်ကိုရီးယားရေပိုင်နက်တွင်း ဝင်ရောက်သည့် တောင်ကိုရီးယားသားကို မြောက်ကိုရီးယားစစ်တပ် ပစ်သတ်

တောင်ကိုရီးယားကင်းလှည့်ရေယာဉ်ပေါ်မှ ပျောက်ဆုံးပြီး မြောက်ကိုရီးယားရေပိုင်နက်တွင်း ဝင်ရောက်မိသည့် တောင်ကိုရီးယားငါးလုပ်ငန်းအရာရှိတစ်ဦးကို မြောက်ကိုရီးယားစစ်တပ်က အသေပစ်သတ်ခဲ့ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားနိုင်ငံအနောက်ပိုင်း ယွန်ပြွန်ကျွန်းအနီးရှိ ရေယာဉ်တစ်စင်းပေါ်တွင် အသက် ၄၇ နှစ်အရွယ် အဆိုပါအမျိုးသားလိုက်ပါခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မြောက်ပိုင်းပင်လယ်၌ တွေ့ရှိသည့် တောင်ကိုရီးယားအရာရှိ မြောက်ကိုရီးယားစစ်တပ်က ပစ်သတ်ပြီး ရုပ်အလောင်းကို မီးရှို့ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်ကထုတ်ပြန်ခဲ့သည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ နောက်ဆက်တွဲအားလုံးကို တာဝန်ယူရမည်ဖြစ်ကြောင်း မြောက်ကိုရီးယားကို သတိပေးလိုက်သည်ဟု တောင်ကိုရီးယားစစ်တပ်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တောင်ကိုရီးယားငါးလုပ်ငန်းအရာရှိ မည်သည့်အတွက်ကြောင့် မြောက်ကိုရီးယားရေပိုင်နက်သို့ရောက်ရှိခဲ့သည်ကိုမူ မသိရသေးချေ။ တောင်ကိုရီးယားကင်းလှည့်ရေယာဉ်ပေါ်တွင် အဆိုပါအမျိုးသား၏ဖိနပ်ကိုတွေ့ရှိခဲ့သောကြောင့် ၎င်းသည် မြောက်ကိုရီးယားသို့တိမ်းရှောင်ရန် ကြိုးပမ်းခဲ့သည်ဟု ပြောဆိုမှုများရှိနေသည်။

မြောက်ကိုရီးယားစစ်သည်များသည် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အမိန့်အရ ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယားရှိ ယွန်ဟတ်သတင်းဌာနက ဖော်ပြခဲ့သည်။

လွန်ခဲ့သော သုံးနှစ်တွင် တောင်ကိုရီးယားသို့ တိမ်းရှောင်ခဲ့သည့် မြောက်ကိုရီးယားပြည်ပြေးတစ်ဦးသည် ဇူလိုင်တွင် နယ်စပ်မှတစ်ဆင့် မြောက်ကိုရီးယားသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။

ယင်းအမျိုးသားကြောင့် မြောက်ကိုရီးယားအာဏာပိုင်များသည် COVID-19 ကူးစက်မည်ကို စိုးရိမ်ပြီး ကေဆောင်မြို့၌ ကူးသန်းသွားလာမှုပိတ်ပင်ချက်ချမှတ်ခဲ့ရသည်။

တရုတ်မှတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မည်ကို စိုးရိမ်သည့်အတွက် နယ်ကျော်လာသူများကို တွေ့သည်နှင့် အသေပစ်သတ်ရန် မြောက်ကိုရီးယားအာဏာပိုင်များက ညွှန်ကြားချက်ထုတ်ခဲ့ကြောင်း တောင်ကိုရီးယားရှိ အမေရိကန်တပ်များ၏တပ်မှူး ရောဘတ် အေဘရာဟမ်စ်က ယခုလအစောပိုင်းတွင်ပြောဆိုခဲ့သည်။