ထိုင်းတော်ဝင်မိသားစုအပေါ်သစ္စာခံသူ ရာပေါင်းများစွာ ချီတက်ဆန္ဒထုတ်ဖော်

ထိုင်းတော်ဝင်မိသားစုအပေါ်သစ္စာခံသူ ရာပေါင်းများစွာ ချီတက်ဆန္ဒထုတ်ဖော်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွဲပေးရန် တောင်းဆိုသည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများကို တန်ပြန်သည့်အနေဖြင့် ထိုင်းတော်ဝင်မိသားစုအပေါ်သစ္စာခံသူရာပေါင်းများစွာသည် စက်တင်ဘာ ၂၃ ရက်တွင် လွှတ်တော်ရှေ့၌ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ဆန္ဒပြမှုများဖြစ်ပွားပြီး နှစ်လအကြာတွင် လွှတ်တော်အထူးအစည်းအဝေးကို ကျင်းပခဲ့သည်။ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်၌ ရုံးပိတ်ရက်များတွင် လူထောင်သောင်းချီပါဝင်သော ဆန္ဒပြမှုများပုံမှန်ဖြစ်ပွားနေသည်။

စစ်အာဏာသိမ်းမှုခေါင်းဆောင် ပရာယွတ် ချန်အိုအာ ဝန်ကြီးချုပ်အဖြစ် အာဏာဆက်လက်ချုပ်ကိုင်ခွင့်ရရှိနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့သည်။

ဆန္ဒပြသူတချို့က ဝန်ကြီးချုပ်နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ပြီး တချို့ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဘုရင်မဟာဝဇီရလောင်ကွန်းအား အာဏာများစွာပေးထားကြောင်း ပြောဆိုခဲ့သည်။

၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်က ခန့်ထားသူများသာပါဝင်သည့် ကော်မတီတစ်ရပ်က ရေးဆွဲခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတခဲ့ကြောင်း ပရာယွတ်ကပြောဆိုခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်မှုကို ကန့်ကွက်သည့် စာတမ်းတစ်စောင်အတွက် ထောက်ခံလက်မှတ် ၁၃၀၀၀၀ ကို စုဆောင်းနိုင်ခဲ့ပြီး အစိုးရထံသို့ တင်သွင်းလိုက်ပြီဖြစ်ကြောင်း တော်ဝင်မိသားစုအပေါ် သစ္စာခံသည့် ထိုင်းပက်ဒီအဖွဲ့မှ ဝါရွန် ဒီချ်ဂီဗီဂရွမ်ကပြောဆိုခဲ့သည်။

၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရမည်ဖြစ်ပြီး ပြင်ဆင်ဖြည့်စွက်မှုကြောင့် ကောင်းကျိုးရှိလာမည်မဟုတ်ဘဲ နိုင်ငံရေးသမားများသာ အမြတ်ထွက်လိမ့်မည်ဖြစ်ကြောင်း ဝါရွန်ကပြောဆိုခဲ့သည်။

ဝါရွန်တို့တင်ပြသော စာတမ်းရှိ လက်မှတ်ထိုးထားသူများကို ဦးစွာအတည်ပြုရဦးမည်ဖြစ်သောကြောင့် ၎င်းတို့တင်သွင်းသည့် စာတမ်းကို ယခုလောလောဆယ်တွင် အလေးထားနိုင်ဦးမည်မဟုတ်ကြောင်း လွှတ်တော်ရေးရာအတွင်းဝန်ကပြောဆိုခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေရှိ မည်သည့်အပိုင်းကို မည်သို့ပြင်ဆင်မည်နှင့်ပတ်သက်၍ လွှတ်တော်က စက်တင်ဘာ ၂၄ ရက်တွင် ဆုံးဖြတ်မည်ဖြစ်သည်။

အောက်လွှတ်တော်တွင် ရွေးကောက်ခံအမတ်များသာပါဝင်ပြီး ပရာယွတ်ကို ထောက်ခံသူအများစုရှိနေသည်။ အထက်လွှတ်တော်၌ ပရာယွတ်၏စစ်အစိုးရက ရွေးချယ်ထားသူများပါဝင်နေသည်။