တစ်ရက်လျှင် ခြေလှမ်း ၁၀၀၀၀ ကို တစ်နှစ်တိတိလျှောက်သည့် ဥဇဘက်သားတစ်ဦးသည် နိုင်ငံပိုင်အားကစားခန်းမကို အခမဲ့အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး အစိုးရကပေးအပ်နေသည့် ဝန်ဆောင်မှုများတွင် ရာခိုင်နှုန်း ၅၀ လျှော့ဈေးဖြင့်ရရှိမည်ဖြစ်ကြောင်း ဥဇဘက်ကစ္စတန်အစိုးရက စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်သည့် ပြန်တမ်းတစ်ခုအရသိရသည်။
လူဦးရေ ၃၄ သန်းရှိသော ဥဇဘက်ကစ္စတန်နိုင်ငံ၌ ကျန်းမာသော လူနေမှုပုံစံရှိလာရေးအတွက် လုပ်ဆောင်မှုဖြစ်ပြီး မော်တော်ယာဉ်မောင်းနှင်မှုကင်းစင်သည့်နေ့ ပေါ်ပေါက်လာရေးနှင့် နိုင်ငံတစ်ဝန်း လမ်းဘေးတွင် ကျန်းမာရေးလေ့ကျင့်ရေးစခန်းငယ်များရှိလာရေးတို့အတွက် လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။
ကျန်းမာရေးကောင်းမွန်ပါက COVID-19 ကဲ့သို့ ရောဂါမျိုး ကူးစက်ခံရပါက မသေဆုံးစေရန် အစိုးရက ကြိုတင်လုပ်ဆောင်လိုက်ခြင်းလည်းဖြစ်သည်။
နိုင်ငံတွင်း COVID-19 ကူးစက်သူ ၅၃၀၀၀ ခန့်နှင့် သေဆုံးသူ ၄၄၄ ဦးရှိနေသည်။
ကူးစက်မှုတိုက်ဖျက်ရေးအတွက် ကူးသန်းသွားလာမှုပိတ်ပင်အမိန့်ကိုလည်း နှစ်ကြိမ်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ကူးစက်ရောဂါကို အားကစားဖြင့် ကျော်လွှားကြစို့ ဟုရေးသားထားသည့် အစိုးရပြန်တမ်းအရ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးနင်းခြင်း၊ ဘောလုံးကန်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ဘော်လီဘောကစားခြင်းနှင့် လမ်းပေါ်တွင် ဘောလုံးကန်ခြင်းတို့ကိုအားပေးနေသည်။

















