မြဝတီမြို့သို့ ပြန်လည်ရောက်ရှိလာသည့် ထိုင်းရောက်မြန်မာလုပ်သားများအား ကြိုဆိုလက်ခံရေးနှင့်ပတ်သက်၍ စက်တင်ဘာ ၂၃ ရက်မှစတင်ကာ အချိန်များပြောင်းလဲလိုက်ကြောင်း သိရသည်။
COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း နေရပ်ပြန်လာသည့် ထိုင်းပြန်မြန်မာလုပ်သားများအားမြဝတီမြို့ရှိ ချစ်ကြည်ရေးတံတားတွင်ကြိုဆိုလက်ခံရေးဂိတ်ကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင်နေရပ်ပြန်လာသည့် မြန်မာလုပ်သားနည်းပါးလာသည့်အတွက် စက်တင်ဘာ ၂၃ ရက်မှစတင်ကာ မွန်းလွဲ ၁ နာရီမှ ညနေ ၆ နာအထိကြိုဆိုလက်ခံကာ ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းမြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။
COVID-19 ကူးစက်ရောဂါအဖြစ် အရေးပေါ်ကာလကြေညာပြီးနောက် အမှတ်(၁)ချစ်ကြည်ရေးတံတားကို မေ ၁၉ ရက်မှစပြီး သွားလာဖြတ်သန်းမှုကိုပိတ်လိုက်ကာ အမှတ်(၂)ချစ်ကြည်ရေးတံတားမှ နေ့စဉ်နံနက် ၆ နာရီမှ ည ၆ နာရီအထိ စိစစ်လက်ခံကြိုဆိုခဲ့ကြသည်။ အမှတ်(၂)ချစ်ကြည်ရေးတံတားမှ စတင်စိစစ်လက်ခံခဲ့စဉ်က နေ့စဉ်မြန်မာလုပ်သားထောင်နှင့်ချီ၍ နေရပ်သို့ပြန်လာခဲ့ကြသော်လည်း ယခုအခါ ပြန်လာသူရာဂဏန်းခန့်သာရှိတော့သည်ဟု သိရသည်။
ပြန်လာသူအများစုတွင် နေရပ်သို့အပြီးပြန်လာသူနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကလေးမိခင်များ အများအပြားပါဝင်ခဲ့ကြသည်။COVID-19 အရေးပေါ်တုံ့ပြန် ရေးအတွက် နေရပ်ပြန်များကို အမှတ်(၂)ချစ်ကြည်ရေးတံတားမှစတင်ဝင်ရောက်ခွင့်ပြုခဲ့သည့် မတ် ၂၁ ရက်မှစက်တင်ဘာ ၂၁ ရက်အထိ ခြောက်လတာကာလအတွင်း နေရပ်ပြန်လာသူအမျိုးသား ၇၃,၁၃၃ ဦးနှင့် အမျိုးသမီး ၄၅,၂၇၉ ဦး စုစုပေါင်း ၁၁၂,၄၁၈ ဦးပြန်လည်ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်းသိရသည်။
နေရပ်ပြန်လာသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား COVID-19 အရေးပေါ်တုံ့ပြန်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ချိတ်ဆက်ကာ Quarantine Center များသို့ ပို့ဆောင်ပေးလျက်ရှိသလို သွားလာရေး ခက်ခဲဝေးလံသောဒေသမှ အလုပ်သမားများနှင့် မြဝတီဒေသခံများအားမြဝတီမြို့ရှိ Quarantine Center ၁၃ ခုတို့တွင် စနစ်တကျထားရှိပြီးကျန်းမာရေးများကို စောင့်ကြည့်ပေးလျက်ရှိကြောင်း သိရသည်။
















