ကုလအစည်းအဝေးတွင် အီရန်သမ္မတရိုဟာနီ ရဲရဲတောက်စကားပြောဆို

ကုလအစည်းအဝေးတွင် အီရန်သမ္မတရိုဟာနီ ရဲရဲတောက်စကားပြောဆို

စီးပွားရေးယုတ်လျော့ကျဆင်းမှုနှင့် အရှေ့အလယ်ပိုင်းဒေသတွင် COVID-19 ကပ်ရောဂါဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသော အီရန်၏ သမ္မတ ဟာဆန်ရိုဟာနီက ကုလသမဂ္ဂအစည်းအဝေးတွင် ထီမထင်ဘဲ ရဲရဲ တောက်စကားများကို ပြောဆိုသွားခဲ့ကာ အမေရိကန် အနေဖြင့် အီရန်၏ ခံနိုင်ရည်စွမ်းအောက်တွင် လက်လျှော့အညံ့ခံ ရမည်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ 

သမ္မတထရမ့်၏ စီးပွားရေးပိတ်ဆို့မှုအရ ဒေါ်လာဈေးနှင့် ချိန်ဆလျှင် အီရန်ငွေဈေးသည် အနိမ့်ဆုံးအဆင့်သို့ ထိုးကျသွားခဲ့ပြီးနောက် ဟာဆန်ရိုဟာနီက ကုလသမဂ္ဂ အစည်းအဝေးတွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန်သည် အီရန်၏ နျူကလီးယားသဘောတူစာချုပ်မှ ၂၀၁၈ ခုနှစ်တွင် နုတ်ထွက်ခဲ့သည်။

ယင်း သဘောတူစာချုပ်ကို အိုဘားမားအစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်ပြီး ထရမ့်၏ အရေးယူပိတ်ဆို့မှုသည် အီရန်၏ ကမ္ဘာတစ်ဝန်း ရေနံဈေးကွက်အပေါ် သက်ရောက်မှုရှိခဲ့သည်။

‘’ အမေရိကန်ပြည်ထောင်စုဟာ အီရန်နဲ့ ဆွေးနွေးမှုလည်း လုပ်လို့မရသလို စစ်လည်း ဖြစ်လို့ မရနိုင်ပါဘူး။ ပိတ်ဆို့မှုအောက်ရောက်နေ တဲ့ ဘဝဟာ ခက်ခဲပါတယ်။ ဒါပေမဲ့ လွတ်လပ်မှုမရှိတဲ့ ဘဝတွေကတော့ ပိုပြီး ခက်ခဲတယ်’’ ဟု ဟာဆန်ရိုဟာနီက ပြောဆိုသွားခဲ့သည်။

ဟာဆန်ရိုဟာနီသည် အီရန်နိုင်ငံ၏ အတိဒုက္ခ ရောက်နေမှုအပေါ် အမေရိကန်လူမည်းအမျိုးသား ဂျော့ဖလွိုက်၏ ဖြစ်ရပ်နှင့် ခိုင်းနှိုင်းသွားခဲ့ပြီး လွတ်လပ်သောနိုင်ငံများအပေါ် အထက်စီးမှနေ၍ ဖိနင်းဆက်ဆံမှုသည် လည်ပင်းပေါ်သို့ ဒူးဖြင့်ဖိထောက်ထားသကဲ့သို့ ဖြစ်နေသည်ကို သိရှိကြောင်း ပြောဆိုသွားခဲ့သည်။