တရုတ်အပေါ် ဝေဖန်နေမှုများကို အမေရိကန် ရပ်တန်းက ရပ်ရန် ကုလဆိုင်ရာတရုတ်သံအမတ်ကြီး တောင်းဆို

တရုတ်အပေါ် ဝေဖန်နေမှုများကို အမေရိကန် ရပ်တန်းက ရပ်ရန် ကုလဆိုင်ရာတရုတ်သံအမတ်ကြီး တောင်းဆို

အမေရိကန်ပြည်ထောင်စုသည် တရုတ်အပေါ် ဝေဖန်မှုကို ရပ်တန်းက ရပ်သင့်ပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းချွန်က စက်တင်ဘာ ၂၄ ရက်တွင် ပြောဆိုခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးတွင် တရုတ်အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ပြီးနောက် နှစ်ရက်အကြာတွင် ကျန်းချွန်က ကုလအဆင့်မြင့်တန်းဆွေးနွေးပွဲတစ်ခုတွင် တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တော်သင့်ပြီလို့ ကျွန်တော်ပြောမယ်၊ ကမ္ဘာကြီးအတွက် ဒုက္ခသုက္ခတွေ အတော်များများကိုလည်း ခင်ဗျားဖန်တီးပြီးပြီ၊ အမေရိကန်ပြည်ထောင်စုမှာ ကူးစက်သူ ခုနစ်သန်းနဲ့ သေဆုံးသူ ၂၀၀၀၀၀ ကျော်ရှိနေပြီ၊ ဆေးပညာနဲ့ပတ်သက်ရင် အဆင့်အမြင့်ဆုံးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အမြင့်ဆုံးရှိနေတာတောင် အမေရိကန်မှာ ဘာကြောင့် ဒီလောက်ကူးစက်သူအများဆုံးရှိနေရတာလဲ၊ တစ်ယောက်ယောက်မှာတာဝန်ရှိတယ်လို့ပြောရမယ်ဆိုရင် အဲ့ဒါဟာ အမေရိကန်နိုင်ငံသားအနည်းငယ်ပဲဖြစ်လိမ့်မယ်” ဟု ကျန်းချွန်က ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ အွန်လိုင်းမှတစ်ဆင့်တက်ရောက်သော ကုလလုံခြုံရေးကောင်စီ ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုအစည်းအဝေးတွင် ပြောဆိုခဲ့သည်။

အင်အားကြီးနိုင်ငံတစ်နိုင်ငံသည် အင်အားကြီးနိုင်ငံတစ်နိုင်ငံကဲ့သို့ ကျင့်သုံးရမည်ကို အမေရိကန်နားလည်ထားရမည်ဖြစ်ကြောင်း ကျန်းကပြောဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် တစ်နိုင်ငံတည်း အထီးကျန်နေပြီဖြစ်ကြောင်း ကျန်းကပြောဆိုခဲ့ပြီး ယင်းကို ကုလဆိုင်ရာရုရှားသံအမတ်ကြီးကလည်း ထောက်ခံခဲ့သည်။

လုံခြုံရေးကောင်စီအစည်းအဝေးကို နိုင်ငံရေးအရအငြိုးအတေးများအတွက် အသုံးချခဲ့သည့်အတွက် အရှက်ရမိကြောင်း ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကယ်လီ ခရတ်ကပြောဆိုခဲ့သည်။

တစ်ကမ္ဘာလုံးသို့ COVID-19 ပျံ့နှံ့စေခဲ့သည့်အတွက် တရုတ်အပေါ် အရေးယူပေးရန် အမေရိကန်သမ္မတထရမ့်က စက်တင်ဘာ ၂၂ ရက်တွင် ကုလသမဂ္ဂ၌ ပြောဆိုခဲ့သည်။ COVID-19 သည် တရုတ်ဗိုင်းရပ်စ်ကြောင့်ဖြစ်ကြောင်း ထရမ့်က ယခင်က ပြောဆိုခဲ့ပြီးဖြစ်သည်။