ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားသူ ဂျိုရှိုယာဝေါင်သည် ၂၀၁၉ ခုနှစ်တွင် တရားမဝင်စုဝေးဆန္ဒထုတ်ဖော်ခဲ့မှုဖြင့် စက်တင်ဘာ ၂၄ ရက်တွင် အဖမ်းခံခဲ့ရသည်။
တရုတ်အစိုးရက ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေကို ဇွန်အကုန်ပိုင်းတွင် အတည်ပြုခဲ့ပြီးနောက် ဟောင်ကောင်ရှိ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားသူများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ အပေါ် ဖိနှိပ်မှု ပိုမိုပြင်းထန်လာ ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကူး စက်မှုမရှိမီ ၂၀၁၉ ခုနှစ်တွင် ဆန္ဒပြမှုများအတွင်း နှာခေါင်းစည်းမတပ်ရဟု အစိုးရကပိတ်ပင်ထားမှုကို ချိုးဖောက်မှုဖြင့် ဝေါင် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်မှု၊ နှာခေါင်းစည်းပိတ်ပင်မှု ဥပဒေချိုးဖောက်မှုများဖြင့် အမှုဖွင့်ခံထားရကြောင်း အသက် ၂၃ နှစ်အရွယ် ဝေါင်က တွစ်တာ၌ ရေးသားခဲ့သည်။
နှာခေါင်းစည်းပိတ်ပင်မှုဥပဒေသည် ဟောင်ကောင်အခြေခံဥပဒေနှင့် မညီကြောင်း ဟောင်ကောင်တရားရုံးတစ်ရုံးက ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။
လက်ရှိတွင် ရုံးတင်စစ်ဆေးခံနေရသည့် အမှုတစ်ခုနှင့်ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေခြင်းမရှိကြောင်း ရဲတပ်ဖွဲ့စခန်းသို့ သွားရောက် သတင်းပေးပို့ချိန်တွင် ဝေါင်အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်း၏ရှေ့နေကပြောဆိုခဲ့သည်။
အစိုးရက ချမှတ်လိုက်သည့် နှာခေါင်းစည်းပိတ်ပင်ချက်ကို ဆန့်ကျင်သည့်အနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် ချီတက်ဆန္ဒပြမှုတွင် ပါဝင်ခဲ့မှုဖြင့် ဝေါင်အမှုဖွင့်ခံထားရခြင်းဖြစ်ကြောင်း ရှေ့နေ ဂျိုနသန် မန်းကပြောဆိုခဲ့သည်။
ဝေါင်သည် ယင်းနောက်တွင် အာမခံရရှိခဲ့ကာ မည်ကဲ့သို့ ဆက်လက် ဖြစ်ပျက်သည်ဖြစ်စေ ဟောင်ကောင်သားများ အညံ့ခံမည်မဟုတ်သည်ကို တစ်ကမ္ဘာလုံးသိအောင် ဆက်လုပ်လုပ်ဆောင်ရင်း ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ဝေါင်က သတင်းထောက်များကိုပြောဆိုခဲ့သည်။
ဝေါင်သည် နှစ်ကြိမ် အချုပ်ကျခဲ့ပြီး လုံခြုံရေးဥပဒေကြောင့် ဝေါင်၏မဟာမိတ် ကျောင်းသားခေါင်းဆောင်ဟောင်း နေသန်လောသည် ဗြိတိန်သို့ တိမ်းရှောင်ခဲ့ရသည်။ လောကို အမျိုးသားလုံခြုံရေးရာဇဝတ်မှုများဖြင့် ဖမ်းဆီးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့သည်။
ဝေါင်နှင့်အတူ ချီတက်ဆန္ဒပြမှုများပြုလုပ်ခဲ့သည့် အဂ္ဂနိ ချောင်သည်လည်း အဖမ်းခံခဲ့ရပြီး အာမခံဖြင့် ပြန်လည်လွတ်မြောက်နေသည်။

















