အိန္ဒိယလွှတ်တော်က အတည်ပြုထားသည့် ဆန်စပါးဝယ်ယူမှုဆိုင်ရာဥပဒေကြမ်းများကြောင့် အစိုးရသည် ဆန်များကို သတ်မှတ်ဈေးနှုန်းဖြင့် ဝယ်ယူတော့မည်မဟုတ်ဘဲ ကုန်သည်များနှင့် လက်လီသမားများထံသို့ ရောင်းချရတော့မည်ဖြစ်သဖြင့် လယ်သမားများ မကျေမနပ်ဖြစ်ကာ ဆန္ဒထုတ်ဖော်မှုများကို တိုးမြှင့်ပြုလုပ်နေပြီဖြစ်သည်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍရှိ ခေတ်မမီတော့သည့် ဥပဒေများကို ပြုပြင်ပြောင်းလဲရန် ယခုဥပဒေများကို အတည်ပြုရခြင်းဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ၏အစိုးရက ပြောဆိုခဲ့သည်။
ဥပဒေကြမ်းများကြောင့် လယ်ယာလုပ်ငန်းရှိ ကြားပွဲစားများကို ဖယ်ရှားနိုင်ပြီး အစိုးရ၏ခွင့်ပြုချက်ရထားသည့် ဝယ်လက်များနှင့် ဝေါမတ်ကဲ့သို့ လက်လီကုမ္ပဏီကြီးများအား တိုက်ရိုက်ရောင်းချခွင့်ရရှိတော့မည်ဖြစ်ကြောင်း မိုဒီနှင့် ဝန်ကြီးတချို့ကပြောဆိုခဲ့သည်။
အိန္ဒိယရှိ ဂျုံနှင့် ဆန်အများဆုံးထုတ်လုပ်ပေးနေသည့် မြောက်ပိုင်းပြည်နယ်များမှ လယ်သမားများသည် စက်တင်ဘာ ၂၄ ရက်တွင် ရထားလမ်းများကို ပိတ်ဆို့ပြီး ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် အစိုးရသည် ရထားခရီးစဉ်တချို့ကို ဖျက်သိမ်းခဲ့ရသည်။
လယ်သမားအဖွဲ့အစည်းများသည်လည်း စက်တင်ဘာ ၂၅ ရက်တွင် လူထောင်နှင့်ချီပါဝင်သော ဆန္ဒပြမှုများကိုပြုလုပ်ခဲ့ပြီး အတိုက်အခံပါတီများကလည်း ဝန်းရံဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဥပဒေကြမ်းများသည် လယ်သမားများအတွက် အကျိုးယုတ်စေကြောင်း ပြောဆိုကာ စားနပ်ရိက္ခာထုတ်လုပ်ရေးဆိုင်ရာဝန်ကြီး ဟာဆမ်ရတ် ကာယူ ဘာဒယ်သည် လွန်ခဲ့သောအပတ်တွင် နုတ်ထွက်ခဲ့သည်။
ပုဂ္ဂလိကကုန်သည်ကြီးများနှင့် လက်လီလုပ်ငန်းကြီးများအား လယ်သမားများထံမှ တိုက်ရိုက်ဝယ်ယူခွင့်ပေးလိုက်ပေးပါက လယ်သမားများသည် ဈေးကစားခွင့်နှင့် ဈေးများများရရှိမှုနည်းပါးသွားမည်ဖြစ်ကြောင်း ဘာဒယ်၏ဒေသဆိုင်ရာပါတီနှင့် အတိုက်အခံပါတီများကပြောဆိုခဲ့သည်။
အစိုးရသည် ၎င်းတို့သတ်မှတ်ထားသော အာမခံဈေးနှုန်းဖြင့် လယ်သမားများထံမှ ဆန်များကို ဆက်လက်ဝယ်ယူမည်ဖြစ်ပြီး အတိုက်အခံပါတီများသည် လယ်သမားများ အထင်အမြင်မှားအောင် လုပ်ဆောင်နေကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီး နာရန်ဒရာ ဆင်း တိုမာကပြောဆိုခဲ့သည်။

















