ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ရေးဆိုင်ရာ မဲခွဲဆုံးဖြတ်မှုကို ရက်ရွှေ့ဆိုင်းထားရန် ထိုင်းလွှတ်တော်သည် စက်တင်ဘာ ၂၄ ရက်တွင် မဲခွဲ အတည်ပြုခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ပေးရန် တောင်းဆိုသည့် ဆန္ဒပြမှုများ ထိုင်းနိုင်ငံ၌နေ့စဉ်ဖြစ်ပွားနေသည်မှာ နှစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။
အစိုးရထောက်ခံသူများလွှမ်းမိုးထားသည့် လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဖြစ်စဉ်ကို ဦးစွာလေ့လာရန်အတွက် ကော်မတီတစ်ရပ်သာ ဖွဲ့စည်းခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ မဲပေးမှုကို နိုဝင်ဘာအထိ ရက်ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း အစိုးရလိုလားသော အမတ် ချင်နာဝန် ဘွန်းယာကီယက်က ရိုက်တာသတင်းဌာနသို့ပြောဆိုခဲ့သည်။
လွှတ်တော်၏ဆုံးဖြတ်ချက်ကြောင့် အတိုက်အခံအမတ်များနှင့် ဆန္ဒပြသူများ မကျေမနပ်ဖြစ်ပြီး လူ ၁၀၀၀ ကျော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ရေးနှင့် ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ နုတ်ထွက်ရေးတို့အတွက် လွှတ်တော်ရှေ့၌ တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြသည်။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် စစ်အာဏာသိမ်းမှုခေါင်းဆောင် ပရာယွတ်သည် ယမန်နှစ် ရွေးကောက်ပွဲပြီးနောက် အာဏာဆက်လက်ချုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြသူများကပြောဆိုခဲ့သည်။ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတခဲ့ကြောင်း ပရာယွတ်ကပြောဆိုခဲ့သည်။
အများပြည်သူကို လှည့်စားရန်အတွက် လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုဆိုင်ရာ မဲပေးမှုကို ရက်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း အတိုက်အခံ ရှေ့သို့သာချီပါတီမှ အမတ် ဝီရော့ လက္ခဏာအာဒီဆွန်ကပြောဆိုခဲ့သည်။
အခြေခံဥပဒေပြင်ဆင်ရေးဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တစ်လနောက်ဆုတ်ပြီး ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ကာ ယင်းအဆိုကို ပယ်ချလိုက်မည်ဆိုပါက လွှတ်တော်အမတ်များသည် နောက်ထပ်တစ်ကြိမ် အဆိုတင်သွင်းရန် လာမည့်နှစ်အထိ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

















