COVID-19 ကြောင့် ဗြိတိန်ဘုရင်မကြီး ဘဏ္ဍာရေးထိခိုက်

COVID-19 ကြောင့် ဗြိတိန်ဘုရင်မကြီး ဘဏ္ဍာရေးထိခိုက်

လန်ဒန် စက်တင်ဘာ ၂၅ - COVID-19 ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလစ်ဇဘက်ဦးဆောင်သော တောင်ဝင်မိသားစု၏ဝင်ငွေထိခိုက်ခဲ့ကြောင်း ဗြိတိန်တော်ဝင်အိမ်တော်က စက်တင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တော်ဝင်မိသားစုနှင့် လမ်းခွဲလိုက်ပြီဖြစ်သည့် မင်းသားဟာရီနှင့် ကြင်ရာ မီဂန်တို့သည် ဝင်ဆာရဲတိုက်တွင် နေထိုင်မှုအတွက် အိမ်ငှားခပေးဆောင်နေကြောင်း တော်ဝင်အိမ်တော်၏ဘဏ္ဍာရေးအခြေအနေအစီရင်ခံစာတွင် ဖော်ပြထားသည်။ ဘုရင်မကြီး၏တရားဝင်တာဝန်များနှင့် တော်ဝင်နန်းတော်များထိန်းသိမ်းမှုအတွက် အကုန်အကျခံသည့် ရန်ပုံငွေသည် ၂၀၂၀ ပြည့်နှစ် မတ်တွင် အဆုံးသတ်သည့် ဘဏ္ဍာရေးနှစ်အတွက် ပေါင် ၈၂ ဒသမ ၄ သန်း ရှိနေသည်။

မတ်တွင် ဗြိတိန်၌ ကူးသန်းသွားလာမှုပိတ်ပင်ချက်ကြောင့် နန်းတော်များသို့ လာရောက်ကြည့်ရှုသူများထံမှ ကောက်ခံသည့် ဝင်ငွေမရရှိဘဲရှိခဲ့သည်။ တော်ဝင်မိသားစုသည် လာမည့် သုံးနှစ်အတွင်း အဓိကဝင်ငွေ ပေါင် ၁၅ သန်း ထိခိုက်နစ်နာလိမ့်မည်ဖြစ်ကြောင်း ဘုရင်မကြီး၏ဘဏ္ဍာရေးအတွင်းဝန် မိုက်ကယ် စတီဗင်စ်ကပြောဆိုခဲ့သည်။

ဘာကင်ဟမ်နမ်းတော် အကြီးအကျယ်ထိခိုက်ပျက်စီးမှုမရှိစေရန် ရေရှည်ပြင်ဆင်မှုများအတွက် သတ်မှတ်ထားသည့် သီးခြားအသုံးစရိတ်သည်လည်း ပေါင် သန်း ၂၀ လိုအပ်မည်ဖြစ်သည်။ အများပြည်သူသည် တော်ဝင်မိသားစုအသုံးစရိတ်နှင့်ပတ်သက်၍ စောင့်ကြည့်နေသောကြောင့် တော်ဝင်မိသားစုသည် လွန်လွန်ကျူးကျူးသုံးစွဲရန် တွန့်ဆုတ်နေသည်။

လိုအပ်သည့် ငွေများအတွက် အခွန်ဆောင်ပြည်သူများကို အပူကပ်မည်မဟုတ်ကြောင်း စတီဗင်စ်ကပြောဆိုခဲ့သည်။ တော်ဝင်မိသားစုသည် ဝန်ထမ်းလစာများ လျှော့ချခြင်းနှင့် ဝန်ထမ်းသစ်ငှားရမ်းခြင်းတို့ကို ရပ်ဆိုင်းထားပြီး မလိုအပ်ဘဲ သုံးစွဲမှုများကို မရှိအောင် ကြိုးပမ်းလုပ်ဆောင်နေကြောင်း တော်ဝင်သတင်းအရင်းအမြစ်တစ်ခုကပြောဆိုခဲ့သည်။

၂၀၁၉ ခုနှစ် ဇူလိုင်တွင် မင်းသားအန်ဒရူး မြောက်အိုင်ယာလန်၌ ဂေါက်ကစားရန်အတွက်သွားရောက်မှု အထူးလေယာဉ်ခရီးစဉ်အတွက် ၁၅၈၄၈ ပေါင် ကုန်ကျမှုများအပါအဝင် တော်ဝင်မိသားစု၏ခရီးစဉ်များနှင့်ပတ်သက်၍ နှစ်စဉ်ထုတ်ပြန်နေကျ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အေပီ