COVID-19 ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုများ လုပ်ဆောင်နေကြောင်း Novavax ပြော

COVID-19 ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုများ လုပ်ဆောင်နေကြောင်း Novavax ပြော

ဝါရှင်တန် စက်တင်ဘာ ၂၅ - အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Navavax က ၎င်းတို့၏ အလားအလာရှိသော COVID-19 ကာကွယ်ဆေးအတွက် တတိယ နှင့် နောက်ဆုံးအဆင့် စမ်းသပ်မှုများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း စက် တင်ဘာ ၂၄ တွင် ပြောကြားလိုက်သည်။

ယင်းစမ်းသပ်မှုကို ဗြိတိန်နိုင်ငံတွင်လည်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၈၄ နှစ် ကြားအရွယ် စေတနာ့ဝန်ထမ်းပေါင်း ၁၀၀၀၀ ဖြင့် စမ်းသပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းစမ်းသပ်မှုကို လာမည့် လေးပတ်မှ ခြောက် ပတ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်သလို ကျန်းမာရေးကောင်းသူများနှင့် နာတာရှည် ရောဂါသည်များကိုပါ စမ်းသပ်သွားမည်ဖြစ်သည်။

‘’SARS-COV-2 ရဲ့ ကူးစက်မှုဖြစ်စဉ်တွေကို အသေးစိတ် လေ့လာမှုတွေ ပြုလုပ်ခဲ့ပြီး ဗြိတိန်မှာလည်း ဆက်လက် လုပ်ဆောင်ဖို့ မျှော်လင့်ထား ပါတယ်။ ဒီလို အဓိကျတဲ့ အဆင့် ၃ စမ်းသပ်မှုကို ကျွန်တော်တို့ အလျင်အမြန် လုပ်ဆောင်မှာဖြစ်ပြီး NVX-CoV2373 ရဲ့ ထိရောက်မှုအပေါ် သုံးသပ်ချက်ကိုလည်း ထုတ်ပြန်သွားမှာဖြစ်ပါတယ်’’ ဟု ကုမ္ပဏီဥက္ကဋ္ဌ ဂရီဂရီဂလင်း က ကာကွယ်ဆေး၏ နည်းပညာဆိုင်ရာအမည်နာမကို ထုတ်ဖော်ရင်းဖြင့် ပြောဆိုခဲ့သည်။

အဆိုပါ ကာကွယ်ဆေးသည် ကမ္ဘာပေါ်တွင် အဆင့် ၃ စမ်းသပ်မှုသို့ ရောက်ရှိသော ၁၁ ခုမြောက် ကာကွယ်ဆေး ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု မေရီလင်းပြည်နယ်အခြေစိုက် Novavax သည် ကာကွယ်ဆေးထုတ်လုပ်ရေး ရန်ပုံငွေအတွက် အမေရိကန်အစိုးရထံမှ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ရရှိထားပြီးဖြစ်သည်။ အေပီ