COVID-19 ကဲ့သို့ ရာသီဥတုအရေးအား ကိုင်တွယ်မည်ဆိုပါက အဆိုးရွားဆုံးသာရှိလာမည်ဖြစ်ကြောင်း ကုလအကြီးအကဲသတိပေး 

COVID-19 ကဲ့သို့ ရာသီဥတုအရေးအား ကိုင်တွယ်မည်ဆိုပါက အဆိုးရွားဆုံးသာရှိလာမည်ဖြစ်ကြောင်း ကုလအကြီးအကဲသတိပေး 

နယူးယောက် စက်တင်ဘာ ၂၅ - ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် အတွင်းရေးမှူးချုပ် အန်ထော်နီယိုဂူတာရက်စ်က ရာသီဥတုပြောင်းလဲမှုအကျပ်အတည်းအပေါ် COVID-19 ကပ် ရောဂါကဲ့သို့ ကိုင်တွယ်ဆောင်ရွက်မည်ဆိုပါက အဆိုးရွားဆုံးရလဒ်များသာထွက်ပေါ်လာမည်ဖြစ်ကြောင်း အမေရိကန်၊ တရုတ်နှင့် ရုရှားတို့၏မညီညွတ်မှုအပေါ် ရည်ရွယ်ပြောဆိုခဲ့သည်။

ကမ္ဘာပေါ်တွင် သေဆုံးသူ တစ်သန်းနီးပါးရှိလာပြီး ကူးစက်သူ သန်း ၃၀ ကျော်လွန်သည့်တိုင်အောင် ထိန်းချုပ်နိုင်မှု ကင်းမဲ့ခဲ့ကြောင်း ဂူတာရက်ဇ် က ပြောဆိုခဲ့ပြီး အရန်အသင့်ရှိမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စုစည်းညီညာမှု နှင့် စည်းလုံးမှု အားနည်းခြင်းတို့အပေါ် ပြစ်တင်သွားခဲ့သည်။

‘’ကပ်ရောဂါဟာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပေါ် ရှင်းလင်းတဲ့စစ်ဆေးမှုတစ်ခုပဲ။ စမ်းသပ်မှုမှာ ကျွန်တော်တို့ မအောင်မြင့်ခဲ့ပါဘူး’’ ဟု ဂူတာရက်စ်က အစည်းအဝေးတွင် ပြောသည်။ဗီဒီယိုစနစ်ဖြင့် ကျင်းပခဲ့သော လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေလက်ဗ်ရော့နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့သည် အမေရိကန်အပေါ် ရင့်သီးစွာ ပြစ်တင်ဝေဖန်ခဲ့ပြီး အမေရိကန် သံအမတ် ကယ်လီ ခရက်ဖ်ကမူ ၎င်းတို့ တစ်ဦးချင်းစီအတွက် စိတ်ပျက်ရ ကြောင်း တုံ့ပြန်ခဲ့သည်။

‘’လက်ဝယ်ပိုင်ဆိုင်ထားတဲ့ အကျပ်အတည်းတွေထက် နိုင်ငံရေး အာဃာတတွေအပေါ် အာရုံစိုက်ဖို့ ဒီအခွင့်အရေးကို အသုံးချတဲ့ အဖွဲ့ဝင်တွေ ၊ဒီကနေ့ ဆွေးနွေးသွားတဲ့ အကြောင်းအရာတွေအပေါ် ကျွန်မ အင်မတန်ကို စိတ်ပျက်မိသလို အံ့အားသင့်ရပါတယ်’’ ဟု ကယ်လီခရက်ဖ်က ပြောဆိုခဲ့သည်။ အေပီ