ပါရီ စက်တင်ဘာ ၂၅ - မြို့တော်ကြီးများရှိ ဘားများနှင့် စားသောက်ဆိုင်များအပေါ် အစိုးရက ကန့်သတ်ပိတ်ပင်ချက်အသစ်များ ချမှတ်လိုက်ပြီး တစ်ရက်အကြာ စက်တင် ဘာ ၂၄ ရက်တွင် ပြင်သစ်နိုင်ငံ၌ တစ်ရက်အတွင်း ကူးစက်သူသစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၄ ရက်တွင် ကူးစက်သူသစ် ၁၆၀၉၆ ဦး ရှိခဲ့ကြောင်း ပြင် သစ်ပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်သောစာရင်းအင်းများအရသိရသည်။ ထို့ပြင် COVID-19 ပထမလှိုင်းတွင် ဓာတ်ခွဲနမူနာစစ်ဆေးမှုများသည် ကူးစက်သူ အနည်းငယ်ကိုသာ စစ်ဆေးနိုင်ခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောဆိုထားသည်။
ရောဂါပျံ့နှံ့မှု နှေးကွေးသွားစေရန်အတွက် ပြင်သစ်သမ္မတ ဧမာနွေလ မာခရွန်သည် စက်တင်ဘာ ၂၃ တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး မာဆေးမြို့ရှိ ဘားများနှင့် စားသောက်ဆိုင်များအားလုံး ပိတ်သိမ်းရမည်ဖြစ် ကာ ပါရီနှင့် အခြားမြို့များတွင် ဆိုင်ပိတ်ချိန်ကို စောစီးစွာ လုပ်ဆောင်ရန် ညွှန်ကြားခဲ့သည်။ ယင်းကြေညာချက်အပေါ် မာဆေးမြို့တော်ဝန်နှင့် ဘား ဆိုင်ပိုင်ရှင်အချို့က ဝေဖန်မှုများရှိခဲ့သည်။
စည်းမျဉ်းအသစ်အရ ဆိုင်ဖွင့်ချိန် ကန့်သတ်ချက်များနှင့် ပိတ်သိမ်းရမည့် လုပ်ငန်းများအတွက် အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ယာန်း ကက်စ်တက်က စက်တင်ဘာ ၂၄ တွင် ပြောဆိုခဲ့သည်။
ကျန်းမာရေးဆိုင်ရာစည်းမျဉ်းများကြောင့် အကျိုးဆက်များကိုခံစားရမည်ဖြစ်ပြီး ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအပေါ် အခွန်အခအရ သက်သာခွင့်များပေးမည်ဖြစ်ကြောင်း ကက်စ်တက်စ်ကပြောဆိုခဲ့သည်။ မာဆေးမြို့၌ ကူးစက်ရောဂါဆိုင်ရာသတိပေးချက်ကို အမြင့်ဆုံးအထိ သတ်မှတ်ထားပြီး ပါရီနှင့် အခြား ၁၀ မြို့တို့တွင် ဒုတိယအဆင့်သတိပေးချက်ကို သတ်မှတ်ထားသည်။ ယင်းမြို့တွင် လူ ၁၀ ဦးထက်ပိုမိုပြီး စုဝေးခွင့်မရှိချေ။ အေပီ

















