အမေရိကန်ပြည်ထောင်စု၌ COVID-19 ကူးစက်သူ ၇ သန်းကျော်ရှိနေ

အမေရိကန်ပြည်ထောင်စု၌ COVID-19 ကူးစက်သူ ၇ သန်းကျော်ရှိနေ

ဝါရှင်တန် စက်တင်ဘာ ၂၅ - အမေရိကန်ပြည်ထောင်စု၌ စက်တင်ဘာ ၂၄ ရက်အထိ COVID-19 ကူးစက်သူ ၇ သန်း ကျော်ရှိနေပြီဖြစ်ပြီး ယင်းသည် ကမ္ဘာတစ်ဝန်း ကူးစက်သူဦးရေ၏ ရာခိုင်နှုန်း ၂၀ ကျော်ဖြစ်လာကြောင်း ရိုက်တာ၏ စာရင်းအင်းများအရ သိရသည်။

အမေရိကန်တွင် သေဆုံးသူ ၂၀၀၀၀၀ ပြည့်မြောက်ပြီး မကြာမီတွင် ကူးစက်သူ ၇ သန်း ပြည့်မြောက်ခဲ့ခြင်းလည်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၌ COVID-19 ဖြင့် တစ်ရက်လျှင် လူ ၇၀၀ ကျော်သေဆုံးနေသည်။

အိုဟိုင်းယိုးပြည်နယ်မှလွဲ၍ ကျန် အနောက်အလယ်ပိုင်း ပြည်နယ်များ၌ ယခင်လေးပတ်နှင့် နှိုင်းယှဉ်လျှင် လွန်ခဲ့သော လေးပတ်အတွင်း ဒါကိုတာ တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ကူးစက်မှု ပိုမိုများပြားလာခဲ့သည်။ ကူးစက်သူ ၈၁၂၉ ဖြင့် ၁၆၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပြီး အမြင့်မားဆုံး ကူး စက်မှုဖြစ်ခဲ့သည်။ မြောက်ဒါကိုတာတွင် သြဂုတ်လအတွင်း ရှိခဲ့သည့် ကူးစက်သူ ၄၂၄၃ နှင့် နှိုင်းယှဉ်လျှင် ကူးစက်သူသစ် ၈၇၅၂ ဦးအထိ ကူးစက်မှုနှစ်ဆ တိုးလာသည်။

ယင်းပြည်နယ်နှစ်ခုတွင် ကူးစက်မှုအများစုမှာ စတာဂစ်၌ နှစ်စဉ်ကျင်းပလေ့ရှိသော မော်တော်ဆိုင်ကယ်သရုပ်ပြပွဲနှင့် ပတ်သက်မှု ရှိနေသည်။ ဒါကိုတာတောင်ပိုင်းတွင် ကျင်းပသော ယင်းပြပွဲကို ပရိသတ်ရာနှင့်ချီကာ နှစ်စဉ်တက်ရောက်ကြသည်။ ရိုက်တာ၏ လေ့လာမှုတစ်ရပ်အရ ယခုလတွင် အမေရိကန်ရှိ ပြည်နယ်များ၏ ထက်ဝက်သည် ကူးစက်သူသစ်ဦးရေ မြင့်တက်ခဲ့ပြီး တစ်နေ့တာအတွင်း ကူးစက်သူ ဦးရေမြင့်တက်သည့် ပြည်နယ်မှာ ၁၀ ပြည်နယ်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ကူးစက်သူဦးရေ မြင့်တက်လာခြင်းမှာ ကျောင်းများနှင့် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ခြင်းအပြင် အလုပ်သမားနေ့ အားလပ်ရက်များတွင် ပါတီပွဲများ ကျင်းပခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက သုံးသပ်ထားသည်။

အောင်စိုးသူ(LPN) ဘာသာပြန်သည်။