မန္တလေးမြို့၌ COVID-19 အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်သူများကို Facility Quarantine သို့ လိုက်လံပို့ဆောင်နေရမှုများသဖြင့်ပရဟိတအဖွဲ့များအတွက် PPE ဝတ်စုံများ လိုအပ်နေကြောင်း သိရသည်။
လက်ရှိတွင် မန္တလေးမြို့ပေါ်ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအနေဖြင့် မြို့နယ်အလိုက်ချိတ်ဆက်၍ ကိုဗစ်အတည်ပြုလူနာများကို ကုသရေးစင်တာများဖြစ်သည့် ကန်တော်နဒီဆေးရုံနှင့် ခုတင် ၃ဝဝ သင်ကြားရေးဆေးရုံကြီးသို့ ပို့ဆောင်ရေး၊ လူနာနှင့်ထိတွေ့သူ မိသားစုဝင်များနှင့်တခြား Contact လူများကို Facility Quarantine Centre များသို့ အချိန်မီပို့ဆောင်ရေး၊Quarantine ကာလ ပြည့်ပြီးသူများကို Home Quarantine ဝင်ရန် ပြန်လည်ပို့ဆောင်ပေးခြင်းတို့ကို သက်ဆိုင်ရာ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီများကြီးကြပ်မှုဖြင့် လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
''အတည်ပြုလူနာတစ်ဦးဆိုရင်သူ့ရဲ့ထိတွေ့သူက အနည်းဆုံး ၁ဝ ဦးတော့ရှိတတ်သလို Quarantine ဝင်ဖို့ ပို့ဆောင်ရာမှာလည်း မိသားစုဝင်တွေနဲ့ တခြားသူတွေကို ကားတစ်စီးထဲမှာ ရောနှောတင်ဆောင်တာမျိုးမလုပ်ဘဲ သီးသန့်စီခွဲရလို့ ယာဉ်အုပ်စုကားအစီးရေ ပိုအသုံးပြုရပါတယ်။အဲဒီလို လိုက်လံပို့ဆောင်ပေးတဲ့ယာဉ်မောင်းနဲ့ယာဉ်အကူကို ကူးစက်ခံမှုမရှိစေရေးအတွက် PPE ဝတ်စုံကို မဖြစ်မနေဝတ်ဆင်ရပါတယ်။ အခု ရက်ပိုင်းမှာဆိုရင် သွားပို့နေတဲ့တစ်စီးက ပြန်မလာသေးတဲ့အချိန်မှာ နောက်ထပ်ပို့ဖို့ကားတွေထပ်လွှတ်ပေးရတယ်။ ဝတ်စုံက တစ်စုံကို ၁၈,ဝဝဝ ကျပ်နှုန်းနဲ့ကားငါးစီးဆို ဆယ်စုံအနည်းဆုံး ကုန်သွားပြီ'' ဟု မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးသက်ထွန်းဝင်း (ခ)ကိုသက်ကြီးက ပြောသည်။
ကူညီပို့ဆောင်ပေးခြင်းလုပ်ငန်းပြီးဆုံး၍ ပြန်လာသည့်မော်တော်ယာဉ်တိုင်းကို သီးသန့်တာဝန်ပေးထားသည့်အဖွဲ့က ပိုးသတ်ဆေးဖျန်းခြင်းကိုဆောင်ရွက်ပြီးပါက ယာဉ်မောင်းနှင့်ယာဉ်အကူတို့အနေဖြင့် ပိုးသတ်ခန်းအတွင်းဝင်ရောက်၍ ပိုးသတ်ခြင်းကိုခံယူပြီးမှ PPE ဝတ်စုံကို စနစ်တကျချွတ်ကာမီးရှို့ဖျက်ဆီးရပြီး လက်ရှိတွင် နေ့စဉ်ကုန်ကျနေသည့် PPE ဝတ်စုံများအတွက် လှူဒါန်းမှုအပေါ် အဓိကအားကိုးနေရကြောင်း သိရသည်။
''အလှူရှင်တွေအနေနဲ့ မော်တော်ယာဉ်တွေအတွက် လိုအပ်တဲ့စက်သုံးဆီတွေ၊ PPE ဝတ်စုံတွေကိုလာရောက်လှူဒါန်းမှုတွေရှိတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ဒီလုပ်ငန်းအတွက်နိုင်ငံတော်အစိုးရကနေ ထောက်ပံ့မှုတစ်စုံတစ်ရာမရပေမယ့် ပြည်သူတွေရဲ့လှူဒါန်းမှုနဲ့ပဲ ပြည်သူတွေကိုပြန်လည်ကူညီပေးနေတာဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။
မန္တလေးမြို့တွင် စက်တင်ဘာ၂၄ ရက်ညပိုင်းအထိ စာရင်းအရကန်တော်နဒီဆေးရုံနှင့် ခုတင် ၃ဝဝသင်ကြားရေးဆေးရုံတို့တွင် တက်ရောက်ကုသမှုခံယူနေသည့် COVID-19 အတည်ပြု လူနာဦးရေ ၁၁ဝကျော်ရှိပြီး လူနာအရေအတွက် ထပ်မံများပြားလာပါက မန္တလေးတောင် အနောက်ဘက်ရှိ တိုင်းရင်းဆေးရုံနှင့် မန္တလာသီရိ အဆင့်မြင့် အားကစားကွင်းအနီးရှိ ဘောလုံးအကယ်ဒမီကျောင်းတို့ကိုကုသရေးစင်တာများအဖြစ် တိုးချဲ့သွားရန် ပြင်ဆင်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
















