တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂၄၉၉ သိန်းတန်ဖိုးရှိ စိတ်ကြွ ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးရာက ဆေးပြား ထုတ်လုပ်ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများ ကွင်းဆက်ဖော် ထုတ်နိုင်ခဲ့ကြောင်း စက်တင်ဘာ ၂၆ ရက်နေ့တွင် မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။
စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်တွင် တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာနေ စိုင်းခွန်း ၏နေအိမ်ကိုလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်မူးယစ်ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က သတင်းအရရှာဖွေခဲ့သည်။
အဆိုပါအိမ်တွင် စိုင်းခွန်း ၄၁ နှစ်၊ စိုင်းဆိုင်လှိုင်း ၃၀ နှစ်၊ လီခေါ(ခ) လော်ဂေါ ၂၀ နှစ်၊ လီယား ၂၈ နှစ်၊ လော်ရိုး(ခ)လော်ကော့ ၁၈ နှစ်တို့ တို့ကိုတွေ့ရှိပြီး နေအိမ်အိပ်ခန်း အတွင်းမှ ဆာလာအိတ်အတွင်းနှင့် နေအိမ်ခြံဝင်းအတွင်းရပ်ထားသည့် Hilux Tiger အမျိုးအစား မော်တော်ယာဉ်ပေါ်ရှိဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၉၉၈၀၀ ပြား တန်ဖိုးကျပ် ၂၄၉၉ သိန်း ဖိုးကို သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသူ လီခေါ(ခ)လော်ဂေါ ကို ဆက်လက်စစ်ဆေးရာ ဖမ်းဆီးရမိသော ဆေးပြားများမှာ ၎င်းကိုယ်တိုင် မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း(တောင်ပေါ်)ကျေးရွာအုပ်စု၊ နာခါး(ခ)နမ့်ခမ်း(ခ)ကျေးရွာအနောက်ဘက် မီတာ ၁၇၀၀ ခန့်အကွာ၊ လျှိုအတွင်းရှိတဲတွင်ကိုယ်တိုင်ထုတ်လုပ်ခဲ့ကြောင်းလိုက်လံပြသခဲ့သည်။
စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းတည့် ၁၂အချိန်တွင် ပူးပေါင်းအဖွဲ့နှင့်အတူ ဆေးဝါးထုတ်လုပ်သည့် အဆိုပါနေရာ သို့ ဝင်ရောက်ရှာဖွေရာ တဲအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀၀၀ ပြား၊ ကဖင်း ၁၇၀ ကီလို၊ အစိမ်းရောင် စိတ်ကြွဆေးမှုန့် သုည ဒသမ ၁ ကီလို၊ လိမ္မော်ရောင် အရောင်ဆိုး ဆေးမှုန့် သုည ဒသမ ၅ ကီလို၊ WY တံဆိပ်ပါ သံမို ၅ ချောင်း၊ ပန်းသီး တံဆိပ်ပါ သံမို ၂ ချောင်း၊ တံဆိပ်မပါ သံမို ၆ ချောင်း၊ စုစုပေါင်း သံမို ၁၃ ချောင်း၊ လက်လုပ်တူမီးသေနတ် ၃ လက်၊ ဆေးပြားရိုက်ရာတွင်အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့သည်။
လီခေါ(ခ)လော်ဂေါ ၂၀ နှစ်ကို တာချီလိတ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ဆက်လက် စုံစမ်းလျက်ရှိသည်။

















