သိန္နီမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ တင်ဆောင်လာသည့် ၆ ဘီးယာဉ်ကို ဖမ်းမိ

သိန္နီမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ တင်ဆောင်လာသည့် ၆ ဘီးယာဉ်ကို ဖမ်းမိ

ကိုဗစ်ထိန်းချုပ်ဆဲကာလအတွင်း သိန္နီမြို့နယ်တွင် ထိန်းချုပ်ဓာတု ပစ္စည်းများ သယ်ဆောင်လာသည့် ၆ ဘီးယာဉ်ကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၆ ရက်နေ့က သိရသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ညနေ ၅ အချိန်တွင် သိန္နီမြို့နယ်၊ မူဆယ်-မန္တလေး သွားကားလမ်း ပေါ်တွင် မူဆယ်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ လားရှိုးမြို့၊ ရပ်ကွက်(၅) နေ တုံပေါက်ဟန်(ခ)စိန်လှိုင် ၄၈ နှစ် မောင်းနှင်လာသည့် HINO RANGER အမျိုးအစား ၆ ဘီးမော်တော်ယာဉ်ကိုမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သည့် ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေး ရှာဖွေရာခဲ့သည်။

ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် ပေပါများအတွင်းမှ ကျပ် ၁၁၂.၅ သိန်းတန်ဖိုးရှိ Acetic Anhydride Acid ၁၅၀၀ လီတာ၊ ကော်ပုံးများဖြင့်ထည့်ထားသည့် ၁၇.၈၂ သိန်တန်ဖိုးရှိ Dichloromethane ၂၆၄၀ လီတာ၊ စက္ကူဂျပ်ဖာများဖြင့်ထည့်ထားသည့် ကျပ် ၃၉၄.၈၇၅ သိန်းတန်ဖိုးရှိ Theophylline အလေးချိန် ၉၇၅ ကီလို၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် မြန်မာငွေ ၃ သိန်းတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သောကြောင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။

သိန္နီမြို့မရဲစခန်းတွင် ဖမ်းမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်။