မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီး ခုတင် ၅ဝ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ COVID-19 အတည်ပြုလူနာများထားရှိရန် စီစဉ်ထားကြောင်းသိရသည်။
''စီစဉ်ထားတာဟုတ်ပါတယ်။ မနေ့က တော့ တိုင်းကျန်းမာ ရေးဦးစီးဌာနမှူးလာကြည့်သွားပါတယ်။ လော လောဆယ် ပြင်ဆင် နေဆဲပါ၊ ခုရက်ပိုင်း ဒီမှာပိုးတွေ့လူနာပိုများလာတဲ့အတွက် ကြိုတင်ပြင်ဆင်ထားတာပါ'' ဟု အဆိုပါကိစ္စနှင့်ပတ်သက်၍ အောက်တိုဘာ ၂၅ ရက်က ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းဝင်းက ပြောသည်။ထို့နောက် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဇီးပင်ကြီး Quarantine Centre နှင့် သာမဏေကျော်တောရကျောင်းတို့တွင် နယ်စပ်ပြန်များ၊ ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများ ထားရှိကြောင်း၊ တစ်ကျော့ပြန် COVID-19 ဖြစ်ပွားမှုအခြေအနေ၌ အောက်တိုဘာ ၂၄ ရက်အထိ အတည်ပြုလူနာ ၃ဝ ဦးခန့်ရှိကြောင်း ဒေါက်တာသန်းဝင်းက ဆက်လက်ပြောသည်။
''ဒီဇီးပင်ကြီး ဆေးရုံမှာ အဓိကထားမယ့်လူနာက တော့ ပိုးတော့တွေ့တယ်၊လူနာကကျန်းမာနေတယ်၊ ရောဂါလက္ခဏာတွေမပြသေးဘူးဆိုရင် အဲဒီလူနာတွေကို Quarantine Centre ထဲမှာမထားတော့ပဲ ခွဲထားပြီး ပြုစုမဲ့သဘောပါ'' ဟု ပြင်ဦးလွင်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းပပဝင်းက ပြောသည်။
အဆိုပါဆေးရုံသည် ကုတင် ၅ဝ ဆံ့ဆေးရုံဖြစ်ပြီး ကိုဗစ်ပိုးတွေ့လူနာ ၄ဝ ဦးခန့်ထားရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ အဆိုပါဆေးရုံ၌ ဆေးနှင့်ဆေးပစ္စည်းအချို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် တိုင်းကျန်းမာရေးဦးစီးဌာနတို့မှ ပံ့ပိုးပေးထားကြောင်း သိရသည်။
ဇီးပင်ကြီးဆေးရုံ၌ 'ရေ'အခက်အခဲရှိ ကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများမှစုပေါင်း၍ အဝီစိတွင်းတစ်တွင်းတူပြီး လှူဒါန်းရန်ရှိကြောင်း သိရသည်။ လူနာစတင်လက်ခံချိန်တွင် လူမှုကူညီရေးအသင်းများ၊ စေတနာ့ဝန်ထမ်းများ လိုအပ်လာမည်ဖြစ် ကြောင်း၊ တိုင်းအစိုးရ၏ လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်ထားကြောင်းခရိုင်နှင့်မြို့နယ် ကိုဗစ်ထိမ်းချုပ်ရေးကောက်မတီနှင့် ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
















