စစ်ကိုင်းတိုင်း ကနီမြို့ရှိ COVID-19 အတည်ပြုလူနာနှစ်ဦးအား ကနီမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။စစ်ကိုင်းတိုင်းကနီမြို့နယ် ဆင်အိုကျေးရွာအုပ်စု ဆင်အိုကျေးရွာတွင်နေထိုင်သော အသက်(၂၅)နှစ်နှင့်အသက်(၁၉) နှစ်အရွယ် အမျိုးသားနှစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိသောကြောင့် ကနီမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်တွင်ပြောင်းရွှေ့ကုသလျက်ရှိကြောင်း ကနီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းထံမှသိရသည်။
''အခုသူတို့နှစ်ယောက်ကို ရွာကနေကနီမြို့နယ် ပြည်သူ့ဆေးရုံကြီးကိုပြောင်းရွှေ့ထားပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအကောင်းဆုံးပေးနိုင်ဖို့လည်း ပိုးတွေ့လူနာမရှိမီကတည်းကကြိုတင်ပြင်ဆင်ထားပါတယ်။ ပိုးတွေ့လာရင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့မေးခွန်းကိုအမြဲမေးဖြစ်၊ ဖြေဖြစ်၊ ဆွေးနွေးဖြစ်နေကြတာမို့ ရှိတဲ့ Resource လေးတွေကို အကောင်းဆုံး စီမံခန့်ခွဲပြီး အထိရောက်ဆုံး စောင့်ရှောက်မှုပေးကြမှာပါ'' ဟု ဦးသိုက်စိုးထွန်းကပြောသည်။
စက်တင်ဘာ ၁၉ ရက် နံနက် ၄နာရီက ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှ Hijet ကားဖြင့်ပြန်ခဲ့ရာ ည ၉ နာရီခွဲတွင် ကနီမြို့နယ် ကျွန်းပင်အိုင်ကျေးရွာအုပ်စု ရွာမတောင်ရွာကို ရောက်ပြီးအလက (ရွာမတောင်) CBFQ တွင်ညအိပ်ခဲ့ကြောင်း၊ ဖောင်းပြင်လူနာနှင့်မုံရွာမြို့တွင် လမ်းခွဲခဲ့ကြခြင်းဖြစ်ပြီးနောက်နေ့နံနက် ၆ နာရီတွင် ရွာမတောင်ရွာကထွက်လာပြီး နံနက် ၇နာရီတွင် ဆင်အိုကျေးရွာအုပ်စု ဆင်အိုကျေးရွာကိုရောက်ပြီး မူလွန် (ဆင်အို)တွင် CBFQ နေခြင်းဖြစ်သည်။Primary Contact ရှစ်ဦးနှင့်အခြားလူများအပါအဝင် စုစုပေါင်း ၂၃ ဦး၏ တို့ဖတ်နမူနာယူပြီး ဓာတ်ခွဲစစ်ဆေးသည့်အခါ နှစ်ဦးတွင် ပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''ပိုးတွေ့တာနဲ့ပတ်သက်ပြီး စိုးရိမ်မှု မလွန်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။အဓိကတော့ ဒေသတွင်း ကူးစက်ပြန့်ပွားမှုမဖြစ်အောင် ထိန်းချုပ်နိုင်ဖို့ကသာ အရေးကြီးတာပါ''ဟု ဦးသိုက်စိုးထွန်းက ပြောသည်။ဖောင်းပြင်မြို့ရှိ အတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများအားစက်တင်ဘာ ၂၄ ရက်တွင် Swab ယူကာ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)သို့ ညတွင်းချင်းအရောက် ပို့ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
















